ကန်ပက်လက်မြို့ ။ ။ချင်း ဝိသေသတိုင်ကို စီမံခန့်ခွဲအုပ်ချုပ်ရာ၌ မြောက်ပိုင် းချင်းတောင်ခရိုင်၊ တောင်ပိုင်း ချင်းတောင်ခရိုင်ဟု ခရိုင် ၂ခု ခွဲထားသည်တွင် တောင်ပိုင်းချင်းတောင် ခရိုင်ဝန် ရုံးစိုက်ရာမြို့မှာ ကန်ပက်လက်မြို့ ဖြစ်သည်။ချင်း ဝိသေသတိုင်းတည်ရာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ
အနောက်ရိုးမ တောင်မြင့်တန်းကြီးတွင် မြင့်မားသောတောင်ထွတ်တောင်ထိပ်အများရှိသည်အနက် ဝိတိုရိယတောင်ထိပ်ဟု ဗြိတိသျှတို့က ခေါ်ဝေါ်၍ ခေါနုမထုန်း (နတ်မိမယ်) တောင်ဟု ချင်းတို့ကခေါ်သော ပေ ၁ဝဝ၁၈ မြင့်သော တောင်ထွတ်ကြီး၏အရှေ့ဘက် ၁၂မိုင်ကွာပေ ၆၂ရ၄မြင့်သော တောင်ရိုးပေါ်တွင် တည်နေပေသည်။ ထိုတည်နေရာမှ အရှေ့လောင်ဂျီတွဒ် ၉၄ ၄နှင့် မြောက်လတ္တီတွဒ်၂၁ ၁၂လောက်တွင်ရှိသည်။
ပင်လယ်ရေ ပြင်ထက် ပေ ၆ဝဝဝ ကျော်မြင့်သော ကုန်းမြင့်ပေါ်တွင် တည်နေရကား ကန်ပက်လက်မြို့၏ ရာသီဥတုမှာ အေးချမ်းသာယာ၍ များသောအားဖြင့် နှင်းမြူများဆိုင်းလျက်ရှိသည်။ ဆောင်းရာသီတွင် အအေးကဲသောကြောင့် ၂ ရက် ၃ ရက်မျှပင် ရေခဲတတ်သည်။ ဘင်္ဂလားပင်လယ်အော်ကိုမိုး၍ ကြည့် နေဘိသကဲ့သို့ မြင့်မားစွာ တည်နေသောကြောင့် အနောက်တောင်ရာသီလေကို ကောင်းစွာရရှိနေသည့်အားလျော်စွာ မိုးရာသီ၌ အဆက်မပြတ်လိုပင် မိုးရွာသွန်းသည်။
ဗြိတိသျှတို့ ကြီးစိုးစဉ်အခါက မြန်မာနိုင်ငံအလယ်ပိုင်းရေနံချောင်း၊ ချောက်စသည်တို့တွင် ရေနံလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်း လုပ်ကြကုန်သော ဥရောပတိုက်သားတို့သည် ကန်ပက်လက်မြို့ကို နွေရာသီစခန်းအဖြစ် အသုံးပြုခဲ့ကြ၏။ ဝိတိုရိယ တောင်ရိပ်အောက်တွင်အာကာပြင်သို့မတ်မတ်မားမားထိုးဝင်နေဘိသကဲ့သို့အပြိုင်အဆိုင်ပေါက်ရောက်နေသည့် ထင်းရှူးတောများ၊ ရာသီလိုက်လှပ တင့်တယ်စွာပွင့်သော ချယ်ရီတောများမှာ ကန်ပက်လက်မြို့၏ ပတ်ဝန်းကျင် ရှုမျှော်ခင်းများပင်ဖြစ်ကြ၏။
ထိုဒေသတစ်ဝိုက်၌ သဘာဝ၏လှပဆန်းကြယ်မှုတို့ဖြင့်ပြည့်စုံသည်တွင် အရောင်အသွေးအမျိုးမျိုးရှိသော သစ်ခွပန်းမျိုးစုံဖြင့် ဖြစ်ထွန်းရာဒေသလည်း ဖြစ်ပေသည်။ ဗြိတိသျှတို့ အုပ်စိုးစဉ်အခါက ကန်ပက်လက်မြို့မှာ ပခုက္ကူတောင်တန်းနယ်တွင်အပါအဝင်ဖြစ်၍ ပခုက္ကူအရေးပိုင်လက်အောက်နယ်ပိုင်ဝန်ထောက်တစ်ဦးက ဆပ်ဒီဝီဇံနယ်အဖြစ်စီမံအုပ်ချုပ်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည်နောက် အထက်တွင်ဆိုခဲ့သည့်အတိုင်း ချင်းဝိသေသတိုင်းတွင် အပါအဝင်ဖြစ်လာ၍ တောင်ပိုင်း ချင်းတောင်ခရိုင်၏ အချက်အခြာနေရာဖြစ်လာသည်။ ယခင်ကရခိုင်တိုင်း စစ်တွေခရိုင်တွင် အပါအဝင်ဖြစ်သော ပလက်ဝနယ်၊ အရိုင်းနယ်ဟုခေါ်ခဲ့သော မတူပီနယ်နှင့် မင်းတပ်နယ်တို့မှာ ကန်ပက်လက်မြို့မှ စီမံအုပ်ချုပ်ရသောအဆိုပါ တောင်ပိုင်းချင်းတောင်ခရိုင် အပါအဝင်ဖြစ်သည်။ ကန်ပက်လက်မြို့တစ်ဝိုက် မြင့်မားမတ်စောက်ကြမ်းတမ်းသော တောင်ထွတ်တောင်ရိုးတို့မှာ ကန်ပက်လက်ချင်းတို့၏မူရင်းဒေသဖြစ်၏။ ထိုဒေသတစ်ဝိုက်တွင် ပယင်းချောင်းနှင့်ဆောချောင်းတို့မြစ်ဖျားခံ၍ ထိုချောင်းရိုးတို့တွင် ယင်းဒူးချင်းများ နေထိုင်ကြသည်။
ကန်ပက်လက်မြို့မှာ စီမံအုပ်ချုပ်ရေး အတွက် သီးသန့်ဆောက်လုပ်ထားသော အစိုးရအရာရှိများ၊ ကာကွယ်ရေးတပ်များရုံးစိုက်ရာ အစိုးရမြို့သက်သက်ဖြစ်သည်။ တောင်ရိုးတွင်တည်ထားသည့်အတိုင်း မြို့ပြင်မှာ မကျယ်ဝန်းလှချေ။ဒုတိယ ကမ္ဘာစစ်အတွင်းက အပျက်အစီးများပြားသဖြင့်
ယခုအခါတွင် မဆိုသလောက်သော အဆောက်အအုံများသာ ရှိသည်။ သာမန်အရပ်သားများ နေထိုင်သော အိုးအိမ်မှာ ၁ဝ အိမ်မျှပင် ရှိမည်မဟုတ်ချေ။
ယခုအခါတွင် ပြည်တွင်းလေကြောင်း သယ်ယူပို့ဆောင်ရေးရှိနေသဖြင့် ကန်ပက်လက်သို့သွားရန် မခဲယဉ်းလှချေ။ကျောက်ထုလေယာဉ်ပျံကွင်းမှ ၂ မိုင်မျှဝေးသော ယောမြို့ ထိုမှတစ်ဆင့် ၁၅ မိုင်မျှ ကွာလှမ်းသောဆောမြို့၊ ဆောမြို့မှသည် ကန်ပက်လက်အထိ တောင်ရိုးတောင်တန်းတို့ကို ကွေ့ကောက်တက်ရသည်။ ကုန်းလမ်းခရီးအားဖြင့်ဆိုသော် ၊ပခုက္ကူ သို့မဟုတ် ချောက်မြို့၏တစ်ဖက်ကမ်းဖြစ်သော ဆိပ် ဖြူမြို့မှ မော်တော်ယာဉ်ဖြင့် သွားရောက်နိုင်သည်။ ပခုက္ကူမှ၊ သော် ကုန်းလမ်းဖြင့် ၉၃ မိုင်ခရီးမျှသာရှိ၏။ ကန်ပက်လက် မြို့မှ မြောက်ဘက် မင်းတပ်မြို့၊ ချင်းတောင်မြောက်ပိုင်း၊ခရိုင်ဝန်ရုံးစိုက်ရာ ဖလမ်းမြို့တို့သို့သွားရန် တောင်ပေါ်လမ်းခရီးရှိသော်လည်း ခြေလျင်သို့မဟုတ် ဝန်တင်လားများကို
သာ အသုံးပြုလျက် သွားလာကြသည်။
မြို့နေလူတို့ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများအတွက် ဆောမြို့ကိုအမှီသဟဲပြုရသည်။ အမဲလိုက်ဝါသနာ၊ ပါသူတို့အဖို့မှာမူ ကန်ပက်လက်မြို့တဝိုက်မှာ အမဲပစ်ရန်အလွန် ကောင်းသောစခန်းတစ်ခု ဖြစ်ပေသည်။ မြို့တည်ရာနေရာတွင် တောင်ရိုးပေါ်၌ အထီးတည်းတည်လျက်ရှိသော
ကန်ကလေးကိုအကြောင်းပြု၍ ကန်ပက်လက် ဟုအမည်တွင်ကြောင်း သမိုင်းကျောက်စာများကဆိုသည်။