ကန္နီမြို့

ကန္နီမြို့ ။              ။ကန္နီမြို့သည် အောက်ချင်းတွင်းခရိုင် ယင်းမာပင်နယ်တွင်ပါဝင်၍ ကန္နီမြို့နယ်မြို့ပိုင် ရုံးစိုက်ရာမြို့ဖြစ်သည်။ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းပေါ်တွင် တည်ရှိ၍ပခုက္ကူမြို့မှ ၁ဝ၄ မိုင်ခန့်ဝေးကွာသည်။ မြောက်ဘက်တွင်မင်းကင်းမြို့နယ်၊ အရှေ့ဘက်တွင် ဘုတလင်းမြို့နယ်များရှိပြီးလျှင် အနောက်ဘက်၌ ပုံတောင်တောင်တန်းကြီးရှိသည်။မြို့နယ်အတွင်းသို့ ချောင်းငယ်မြောင်းငယ်များ အများအပြားပင် ဖြတ်သန်းစီးဆင်းလျက်ရှိသည်။
ကန္နီမြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း၁၇၃၆ ခန့်ရှိသော်လည်းရှေးမြန်မာမင်းများ လက်ထက်ကကန္နီမြို့နယ်လောက် မကျယ်ဝန်းလှချေ။ မြို့၏ မြောက်ဘက်တွင် ပေ ၂ဝဝ ခန့် မြင့်သော ရွှေမြင်းဖြူ တောင်ကုန်းရှိသည်။ထိုကုန်းမှာ ရှေးက မြို့တော်ဟောင်းနေရာဖြစ်သည့်အလျောက် ကျုံးနေရာနှင့်မြို့ရိုး ဟောင်းများကို ယခုတိုင်တွေ့မြင်နိုင်သေးသည်။ ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင်ကန္နီမြို့၌ မြို့စားထားရှိ၍ ကန္နီနော်ရထာဘွဲ့နှင့် အုပ်ချုပ်စေခဲ့သည်။ တစ်ရံရောအခါ၊ ကန္နီနော်ရထာ ပုန်ကန်သောကြောင့် ဘုရင့်တပ်သားများက လိုက်လံတိုက်ခိုက်ရာ ကန္နီနော်ရထာသည် ကုန်းမြင့်ပေါ်မှ မြင်းဖြူကို ကဆုံချစီးပြီးလျှင်မြစ်တွင်းသို့ဆင်းကာ မိမိကိုယ်ကိုအဆုံး စီရင်လိုက်လေသည်။မြန်မာနိုင်ငံတွင် ယခုအခါ ကျော်ကြားလျက်ရှိသော ၃၇မင်းအဝင်အပါ မြင်းဖြူရှင်နတ်မှာ ကန္နီနော်ရထာ နတ်ဖြစ်သည်ဟုဆိုကြသည်။ သီပေါမင်းတရားလက်ထက်က ကန္နီမြို့စားမှာ ဒိုင်းခင်ခင်၏ ဖခင် ဒိုင်းဝန်မင်းပင်ဖြစ်သည်။
၁၉၅၁ ခုနှစ်သန်းခေါင်စာရင်း အရ ကန္နီမြို့၏လူဦးရေမှာ၂၆ဝဝ မျှဖြစ်သည်။ ကန္နီမြို့သို့ရထားလမ်း မပေါက်သော်လည်း မြစ်တွင်းသင်္ဘောများ သွားလာဆိုက်ကပ်လျက်ရှိသည်။                                                                                                                                                                                                    မြို့နယ်အတွင်း မှီတင်းနေထိုင်ကြသူလူများစုမှာ လယ်ယာကိုင်းကျွန်းများကို လုပ်ကိုင်ကြပြီးလျှင် ဆန်စပါး၊ ပဲ၊နှမ်းနှင့် ပြောင်းအမျိုးမျိုးတို့ကိုစိုက်ပျိုးကြသည်။ မြို့မြောက်ဘက်ရှိ ပုံတောင်တောင်တန်းတွင် ကျွန်း၊ ပိတောက်၊ပျဉ်းကတိုးစသော သစ်မာနှင့် ဝါးအမျိုးမျိုးတို့ ထွက်သဖြင့်
အစိုးရသစ်တောကြိုးဝိုင်းများ လည်းရှိသည်။ ထိုသစ်တောကြီးများကို အမှီပြုလျက် သစ်တောထွက် ပစ္စည်းများနှင့်သက်မွေးဝမ်းကျောင်း ပြုသူများ လည်းရှိကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *