ကန်တုန်မြို့

ကန်တုန်မြို့။                ။ကန်တုန်မြို့သည် ကွမ်းတုန်ပြည်နယ်၏မြို့တော်ဖြစ်၍ တရုတ်နိုင်ငံတွင် စတုတ္ထ အကြီးဆုံးသောမြို့ဖြစ်သည်။ ချူးကျန်မြစ်ခေါ် ပုလဲမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိ၍ ပင်လယ်မှမိုင် ၈ဝ ခန့်ကွာဝေးသည်။
ရှေးအခါက တရုတ်နိုင်ငံ၏ အချက်အခြာ ဆိပ်ကမ်း မြို့ကြီးဖြစ်ခဲ့ပြီးလျှင် ယခုခေတ်တွင်လည်း တောင်ပိုင်းတရုတ်နိုင်ငံ၏ ကုန်သွယ်မှု ဗဟိုဌာနကြီးဖြစ်သဖြင့် အထူးပင်စည်ကားလှလေသည်။ အနောက်တိုင်းကုန်သည်များနှင့် ပထမဆုံးဆက်သွယ်ခဲ့ရသော တရုတ်မြို့ကြီးဖြစ်သည်နှင့်အညီ ပေါ်တူဂီ၊ဒပ်ချ၊ အင်္ဂလိပ်၊ ပြင်သစ် လူမျိုးအသီးသီးတို့၏ ယဉ်ကျေးမှုများသည် ထိုမြို့မှတစ်ဆင့် တရုတ်နိုင်ငံအလုံးသို့ ပျံ့နှံ့ခဲ့ရသည်ဖြစ်ရာ တရုတ်နိုင်ငံတွင် ဒအသစ်အဆန်းဟူသမျှ ကန်တုန်ကစသည်”ဟူ၍ပင် တရုတ်လူမျိုးတို့ ပြောစမှတ်မူကြသည်။ နိုင်ငံခြားသို့ သွားရောက်နေထိုင်ကြသော တရုတ်များစွာတို့မှာလည်း ကန်တုန်မြို့သူမြို့သားများဖြစ်ရကားနိုင်ငံခြားသားတို့သည် ယင်းတို့နှင့် အဆက် အဆံများသောကန်တုန်တရုတ်တို့၏ ဓလေ့ဝါဒတို့ကိုပင် တရုတ်တို့၏ယဉ်ကျေးမှုဟူ၍ မှတ်ယူနေကြသည်။
တရုတ်လူမျိုးတို့က ကန်တုန်မြို့ကို ကွမ်ချောင်မြို့ဟုခေါ်ကြ၏။ အဓိပ္ပါယ်မှာ သိုးရုပ်မြို့ဖြစ်သည်။ ထိုသို့ ခေါ်တွင်ခြင်းမှာ ဒဏ္ဍာရီပုံပြင်တစ်ခုဖြစ်သည်ဟု ဆိုလေသည်။ခရစ်တော် မပေါ်မီနှစ် ၁ဝဝ ခန့်က မြောက်ပိုင်းမြစ်ဝါဘက်မှပြောင်းရွှေ့လာသောခရီးသည် များသည်ယခုကန်တုန်မြို့ရှိရာအရပ်တွင် မြို့တည်၍ နေထိုင်ရန်စိတ်ကူးနေကြ၏။ ထိုစဉ်တွင် မြောက်အရပ်ဆီမှပင်၊ နတ်သား ၅ ဦးသည် သိုးများကိုစီးကာ ကောက်ပင်အရိုးများကို ကိုင်ဆောင်လျက် ထိုလူများထံ ရောက်လာကြပြီးလျှင် အေးချမ်းသာယာစွာ နေထိုင်ကြရန် ညွှန်ကြားကြလေသည်။ ထိုနောက်နတ်သားများပျောက်ကွယ်သွား၍ ယင်းတို့စီးလာသော သိုးများသည်ကျောက်ရုပ်ဖြစ်၍ ကျန်ခဲ့ကြ၏။ ထိုသိုးကျောက်ရုပ်များကိုယနေ့တိုင် သိုးငါးကောင်းဗိမာန်တွင် တွေ့ရှိနိုင်ပေသည်။
ပင်လယ်ရပ်ခြား တိုင်းတစ်ပါးတို့၌ စီးပွားစုမိ၍ ပြန်လာကြသောကန်တုန်မြို့သားဇာတိများနှင့် နိုင်ငံခြားတက္ကသိုလ်များ၌ ပညာဆည်းပူး၍ပြန်လာကြသော တရုတ်အမျိုးသားပညာတတ်များသည် ကန်တုန်မြို့ကြီးအား ခေတ်မှီလာအောင်အထူးစွမ်းဆောင်ခဲ့ကြ၏။
ပင်လယ်မှ ပုလဲမြစ်ကြောင်းအတိုင်း ကန်တုန်မြို့အရောက်ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွား လာနိုင်စေရန်မြစ်ကြောင်းနက်အောင် ပြုပြင်ထားသဖြင့် ကန်တုန်မြို့သည် ယခင်ကထက် ပိုမိုကောင်းမွန်သော သင်္ဘောဆိပ်မြို့ကြီး ဖြစ်လာတော့သည်။ ထို့ပြင် မျူနီစီပယ်အုပ်ချုပ်ရေး
ဖွဲ့စည်းလျက် ရေမြောင်းများဖေါက်လုပ်ခြင်း၊ ရဲအဖွဲ့ကြီးများကို တိုးတက် အောင်ပြုပြင်ခြင်း၊ ရှေးဟောင်းမြို့ရိုးကြီးများကိုဖျက်လျက် ရိပ်သာလမ်းမကျယ်ကြီးများ ဖေါက်လုပ်ခြင်း၊မြို့သူမြို့သားများ လေညှင်းခံရန် ဥယျာဉ်ကြီးများ ပြုလုပ်ခြင်းစသည့် ခေတ်မီသောအစီအမံများကြောင့် ကန်တုန်မြို့
သည် ယခုအခါ သာယာ တိုးတက်နေလေသည်။ သို့ရာတွင်အချို့အပိုင်းတို့ကား လုံးဝ ခေတ်မမီ သေးချေ။ ခေါင်မိုးနီနီနှင့် တစ်ထပ်အိမ်နိမ့်ကလေးများ စီတန်းနေသည့်လမ်းများစွာတို့မှာ အလွန်ပင်ကျဉ်းလှသဖြင့် လူ ၂ ယောက် ရှောင်သာရုံမျှသာ ကျယ်လေသည်။ နှစ်ပေါင်းများစွာကဖေါက်လုပ်ထားသော လမ်းများ ဖြစ်ကြသည့် အလျောက် ပေါက်ပြဲကာ ချိုင့်ခွက်ကြီးများဖြင့် မညီမညာ ဖြစ်နေလေသည်။
ကန်တုန် မြစ်ဆိပ်လှေ သမ္ဗန်ပေါ်၌ လူဦးရေ ၅သောင်းခန့်တို့ အိုးခြေအိမ်ခြေစိုက်ကာ နေထိုင်ကြ၏။များစွာသော ကန်တုန်မြို့သားတို့သည် ထို ဒရေပေါ်အိမ်များ တွင်မွေး၍ ထိုအိမ်များ၌ ကြီးပြင်းကာ ထိုအိမ်များတွင်ပင် သေကြလေသည်။ ထိုသို့ လှေသမ္ဗန်များပေါ်၌နေထိုင်ကြသော လူအားလုံးသည်  ကူးတို့ပို့သူများချည်းမဟုတ်ကြချေ။ ကုန်သည်ပွဲစား၊ အလုပ်ကြမ်းသမား၊ကျောင်းဆရာ၊ ဘုန်းကြီးစသည်ဖြင့် ပါဝင်ကြသည်။
ကန်တုန်တရုတ်တို့သည် အခြားဒေသရှိတရုတ်များထက်ထကြွလုံ့လဝိရိယရှိသူများဖြစ်ကြသည့်ပြင် လက်မှုပညာတွင်လည်း အထူးသေသပ်ကောင်းမွန်ကြသည်။ ဆင်စွယ်ပန်းပု၊ ကျောက်စိမ်း ပန်းပု၊ကနုကမာထည်၊ ကြေးဝါထည်၊ငွေထည်၊ ယပ်တောင် ၊ဇာထည်၊ ပန်းထိုးပန်းချုပ်၊ လက်ရေးကြွေထည်စသောလုပ်ငန်းများမှာ ရှေးအထက်ကျော်ကပင် ကန်တုန်မြို့က နာမည်ရခဲ့သောလုပ်ငန်းများဖြစ်ကြသည်။အ ခြားထွက်ကုန်များမှာ ဆန်စပါး၊
လက်ဖက်ခြောက်၊ ပိုးနှင့်ဖျာများဖြစ်၏။
ကန်တုန်မြို့သည် ဘုရားကျောင်းကန် အဆောက်အအုံပေါများသဖြင့်ကျော်ကြားသည်။ ဘုရားကျောင်းအဆောက်အအုံပေါင်း ၅ဝဝ ထက်
မနည်းရှိ၏။ ထင်ရှားသောကျောင်းတန်ဆောင်းများမှာ ဟိုနန်ကျွန်းပေါ်ရှိ ဗုဒ္ဓဘုရားကျောင်း၊ ဆင်းတုငါးရာဘုရားကျောင်းနှင့် သက်ရှည်ဘုရားကျောင်းကြီးတို့ပင်ဖြစ်သည်။ အခြားအဓိကရအဆောက်အအုံတို့မှာ ကွမ်ယင်တောင်ကုန်း၏ တောင်ဘက်စောင်းတွင် စိုက်ထူထားသော ဆွန်ယက်ဆင် အထိမ်းအမှတ်ကျောက်တိုင်၊ဆွန်ယက်ဆင်တက္ကသိုလ်၊ပြင်သစ်ကသီဒရယ် ဘုရားရှိခိုး ကျောင်းနှင့် ဒင်္ဂါးစက်ရုံကြီးတို့ဖြစ်၏။ကန်တုန်မြို့၏ သမိုင်းမှာ အတန်ပင်ရှေးကျလေသည်။ဘီစီ ၂ ရာစုနှစ်မတိုင်မီက ကန်တုန်မြို့သည် တားတားဘုရင်တို့၏ မြို့တော်ဖြစ်ခဲ့၏။ ထိုနောက် တရုပ်တို့၏လက်သို့ပြန်
လည် ရောက်ရှိလာပြီးလျှင် နိုင်ငံခြားနှင့် ကုန်သွယ်ရာဌာနဖြစ်လာလေသည်။ ၇ဝဝ ပြည့် နှစ်ခန့်တွင် အာရပ်လူမျိုးတို့သည် ရောင်းဝယ်ဖေါက်ကားရေးအတွက် ကန်တုန်မြို့သို့လာရောက် နေထိုင်ခဲ့ဘူး ကြ၏။ ထိုနောက် ၁၅၁၆ ခုနှစ်တွင်ပေါ်တူဂီလူမျိုးများ ရောက်လာ၍ နိုင်ငံခြားကုန်သွယ်မှုကို
တစ်ဦးတည်းလုပ်ကိုင်ခဲ့ကြသည်။ ၁၇ဝဝပြည့်နှစ်လောက်တွင် ဒပ်ချ၊ ပြင်သစ်နှင့် အင်္ဂလိပ်ကုန်သည်များ စုရုံးရောက်ရှိလာကြပြီးလျှင် လက်ဖက်ခြောက်၊ ပိုးစသော ကုန်စည်များကို ဝယ်ယူဖေါက်ကားကြလေသည်။
ထိုသို့ နိုင်ငံခြားသား များနှင့် အဆက်အသွယ်ရှိခဲ့သဖြင့်ကန်တုန်မြို့သူမြို့သားများသည် ထိုစဉ်ကပင် တိုးတက်သောအသိဉာဏ်များနှင့် ပြည့်စုံကာ လွတ်လပ်သော တွေးတောမြှော်ခေါ်မှုများတွင် စိတ်ဝင်စားခဲ့ကြသည်။ ထိုပြင် မိုင်၄ဝဝ ခန့် ရှည်လျားသော တောင်တန်း တောင်ကုန်းများကကန်တုန်မြို့ကိုဝန်းရံကာ တရုတ် ပြည်မကြီးနှင့် အဆက်ထားဘိသကဲ့သို့ ရှိသဖြင့်လည်း ကန်တုန်ယဉ်ကျေးမှု အရပ်ရပ်မှာ သီးခြားကွဲပြားလျက် ရှိခဲ့သည်။ ဤသို့ဖြင့် ကန်တုန်တရုတ်စကားမှာ အခြားတရုတ်စကားတို့နှင့်မတူဘဲ တစ်မျိုးတစ်ဘာသာဖြစ်ပြီးလျှင် လူပေါင်း၂၅ သန်းခန့်တို့၏ နေ့စဉ်ပြောဆိုသုံးစွဲသော ဘာသာတူ အသံကွဲစကားဖြစ်နေလေသည်။ လွတ်လပ်သော တွေးခေါ်မှုများ ထွန်းကားရာ မြို့ဖြစ်ခဲ့သည်နှင့်အညီ ကန်တုန်မြို့သည် တရုတ်နိုင်ငံအား အမျိုးသား သမ္မတနိုင်ငံအဖြစ်သို့ ဖန်တီးပေးသည့် တော်လှန်ရေးကြီးပေါ်ထွန်းရာ ဘူမိနက်သန်ဖြစ်ခဲ့၏။ အမျိုးသားရေးကို လှုံ့ဆော်စည်းရုံးပေးသည့် ကိုမင်တန်အဖွဲ့သည် ကန်တုန်မြို့တွင် စတင်အမြစ်တွယ်ခဲ့၏။ လွတ်လပ်သောတရုတ်နိုင်ငံသစ်ကို ဖန်တီးပြုစုခဲ့သော ဆွန်ယက်ဆင်သည် ကန်တုန်မြို့၌ပင် အခြေစိုက်ခဲ့၏။
၁၉၃၈ခုနှစ်တွင် ဂျပန်တို့သည် ကန်တုန်မြို့ကို သိမ်းယူလိုက်ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း၌ လေကြောင်းမှ ဗုံးများဒလကြမ်းအကြဲခံရသဖြင့် ကန်တုန်မြို့မှာ အထူးပျက်စီးနစ်နာခဲ့လေသည်။ ကန်တုန်မြို့၏ လူဦးရေမှာ၁၅ဝဝဝဝဝ မျှဖြစ်၏။

Leave a Reply

Your email address will not be published. Required fields are marked *