ကန္တာရဝတီနယ်။ ။ကန္တာရဝတီနယ်မှာ ကယားပြည်နယ်၏ အရှေ့ဘက်ပိုင်းဒေသ ဖြစ်သည်။ အကျယ်အဝန်အားဖြင့် စတုရန်းမိုင်ပေါင်း ၃ဝ၁၅ ခန့် ရှိ၏။ မြောက်ဘက်တွင် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မောက်မယ်နယ်များ၊ အရှေ့ဘက်တွင် ယိုးဒယားနယ်စပ်၊ တောင်ဘက်တွင် ဖာပွန်နယ်
နှင့်တောင်ငူနယ်၊ အနောက်ဘက်တွင်ကယား ပြည်နယ်၏အနောက်ပိုင်းဒေသဖြစ်သော ဘောလခဲနယ်၊ ကြယ်ဖိုးကြီးနယ်နှင့် မိုးဗြဲနယ်တို့ ဖြစ်ကြသည်။
ကန္တာရဝတီနယ်မှာ မြေပြန့်ကွင်းပြင် အလွန်နည်းပါး၍တောင်ကုန်း ထူထပ်များပြားသောဒေသဖြစ်သည်။ ပထဝီအနေအထားကိုလိုက်၍ ကန္တာရဝတီနယ်ကို အရှေ့ပိုင်း၊အနောက်ပိုင်းဟု ၂ပိုင်းခွဲခြားနိုင်သည်။ အရှေ့ပိုင်းမှာသံလွင်မြစ်မနှင့် ထိုမြစ်အတွင်းသို့စီးဝင်သော လက်တက်
များဖြတ်စီးရာကုန်းမြင့် ဒေသများနှင့်၊ သံလွင်မြစ်၏ လက်တက်ကြီးဖြစ်သော ပွန်ချောင်း ဖြတ်သန်းစီးဆင်းရာကုန်းမြင့်ဒေသတို့ ပါဝင်သည်။ သံလွင်မြစ်တစ်လျှောက်ရှိရှားတော၊ ရွာသစ်၊ ပိုင်းချောင်းတစ်လျှောက်ရှိ စောလုံနှင့်မယ်စဲ့ချောင်း ပေါ်ရှိ မယ်စဲ့မြို့များ တည်ရာဒေသများလောက်သာ မြေပြန့်ကွင်းပြင်များ ဖြစ်သည်။
ရှမ်းပြည်တွင် မြစ်ဖျားခံသော ဘီလူးချောင်းသည် မိုးဗြဲနယ်နှင့် လွယ်ကော်မြို့ကို ဖြတ်သန်း၍ ပွန်ချောင်းအတွင်းသို့စီးဝင်သည်။ ဘီလူးချောင်း၏ တောင်ဘက်ပိုင်း မြေပြန့်တွင်ငွေတောင် ကျေးရွာအုပ်စုနှင့် လွယ်ကော်ကျေးရွာအုပ် စုတို့ရှိသည်။
၁၉၄၁ ခုနှစ်သန်းခေါင် စာရင်းအရ ကန္တာရဝတီနယ်တွင်တိုက်နယ် ၁ဝ၊ ကျေးရွာ ၂၇၇၊ အိမ်ခြေ ၅၆၅၈၊ လူဦးရေ၃၈ဝဝ၃ ရှိကြောင်းသိရ၏။ ကန္တာရဝတီနယ်တွင် နေထိုင်ကြသော တိုင်းရင်းသား များမှာ ကယား၊ ဂဲခိုး၊ ဂဲပါး၊ယင်းဘော်၊ ယင်းတလဲ၊ မနုမနော လူမျိုးများ ဖြစ်ကြသည်။
ထိုပြင်ရှမ်း၊ အင်းသား၊ မြန်မာ၊ တရုတ်၊ကုလားများလည်း မှီတင်းနေထိုင်ကြသည်။ ကန္တာရဝတီနယ်၏ လူဦးရေတစ်ဝက်ကျော်ကျော်မှာ ဗုဒ္ဓအယူဝါဒီများဖြစ်၍ ကျန်လူများမှာခရစ်ယန်အယူဝါဒီနှင့် နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။
လူဦးရေအကျယ်အဝန်းနှင့် ကယားပြည်နယ်သမိုင်းကိုထောက်ထားခြင်းအားဖြင့် ကန္တာရဝတီနယ်မှာ ကယားပြည်နယ်တွင် အကြီးဆုံးနှင့်အရေးအပါဆုံးဒေသ ဖြစ်သည်ဟု ဆိုရပေမည်။ ဤဒေသတွင်လွယ်ကော်၊ စောလုံ၊ ရှားတော၊ မယ်စဲ့နှင့် ငွေတောင် မြို့များသည် ထင်ရှားသောမြို့
များဖြစ်သည်။ စောလုံမြို့မှာ ကန္တာရဝတီနယ်၏ အုပ်ချုပ်ရေးရုံးစိုက်ရာ မြို့ ဖြစ်ခဲ့သည်။
အစပထမ၌ ဘောလခဲနယ်မှာ ကယားပြည်နယ်သမိုင်းတွင် အချက်အခြာဒေသဖြစ်ခဲ့၏။ ဘောလခဲနယ်ကို အုပ်စိုးသော အကြီးအကဲတို့၏ ပဉ္စမအကြီးအကဲဖြစ်သော ဖိုးဖြူလှလက်ထက်တွင် မောင်မောင်ဖုန်းဆိုသူ မွန်အမျိုးသားတစ်ဦးဘောလခဲနယ် သို့ရောက်လာ၏။ ထိုသူ၏ အင်အားအာဏာမှာ တဖြည်းဖြည်း တိုးတက်ကြီးမားလာရကား ဒေသတစ်ခုတည်း၌ အုပ်စိုးသူ ၂ ဦး မရှိစကောင်းဟု ဖိုးဖြူလှကသဘောထားကြီးစွာနှင့် မောင်မောင်ဖုန်းအား ပွန်ချောင်း၏အရှေ့ဘက်ဒေသများသို့ သွားရောက်အုပ်ချုပ်စေခဲ့၏။ မောင်မောင်ဖုန်းသည်လည်း ဖဖေါကြီးဘွဲ့ကိုခံယူကာ စောလုံမြို့တွင်ဟော်နန်းစိုက်ထူလျက် ကန္တာရဝတီနယ်ကို စတင်တည်ထောင်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိပြီးနောက် ကန္တာရဝတီနယ်ကို အုပ်ချုပ်ရသည့် နယ်စားမှာ စပ်ဖျာစပ်လဝီ ဖြစ်လေသည်။