ကန္တာရများ

ကန္တာရများ ။            ။ကမ္ဘာပေါ်ရှိ အချို့ဒေသများတွင် သဲအတိပြီးသော ကန္တာရများရှိလေသည်။ သဲကန္တာရများမှာ ရှည်လျား ကျယ်ပြန့်သော သဲမြေပြင်များဖြစ်၍ သစ်ပင်များပေါက်ခြင်းမရှိ၊ တိရစ္ဆာန်များလည်း ခိုအောင်းကျက်စားခြင်းမရှိချေ။ သို့သော် ကန္တာရကို ညီညာ ပြန့်ပြူးသည့်မြေပြင်အဖြစ်တွေ့ရခဲသည်။ သဲကန္တာရအများ၌ပင် တောင်၊တောင်ကုန်းနှင့် ကမူများကိုတွေ့မြင်နိုင်သည်။ ကန္တာရအတွင်း ခရီးသွားရသည်မှာ လွန်စွာဘေးအန္တရာယ် ပေါ
များလှ၏။ ပင်လယ်ထဲ၌ ခုတ်မောင်း လျက်ရှိသော သင်္ဘောတစ်စင်းမှ လူတစ်ယောက်သည် မိမိပတ်ဝန်းကျင်၌ ရေပြင်မှတစ်ပါး အခြားအရာဝတ္ထုများကို မမြင်ရသည့်နည်းတူ ကန္တာရကြီးများအတွင်း၌ ခရီးသွားရသူ များသည်လည်း ပတ်ဝန်းကျင်တွင် သဲပြင်ကြီးမှတစ်ပါး အခြားအရာများကို မမြင်ရချေ။
ထိုကန္တာရကြီးများ၌ ခရီးသွားသူများသည် ကုလားအုပ်ဖြင့်တစ်နေရာမှ တစ်နေရာ သွားလာကြရ၏။ ထိုသို့ သွားလာရာ၌ ညအခါတွင် ကောင်းကင်၌ နက္ခတ်တာရာများကိုကြည့်၍ သွားကြရသည်။
ကန္တာရများအတွင်း၌ လေသည် အတားအဆီးမရှိသည့်အလျောက် တစ်ခါတစ်ရံ အလွန်ပြင်းထန်စွာတိုက်ခတ်၍ သဲမုန်တိုင်းများ ကျရောက်တတ်သည်။ ထိုအခါမျိုး၌ ခရီးသည်များသည် သဲပြင်ပေါ်တွင် ပြားပြားဝပ်လျက်နေကြရ၏။ တစ်ခါတစ်ရံ အချို့ခရီးသည်နှင့် ကုလားအုပ်များကို သဲများဖုံးလွှမ်းသွားတတ်လေသည်။
ဤသို့ပြင်းထန်သော သဲမုန်တိုင်းများ ကျရောက်သောအခါ ပင်လယ်ထဲ၌ လေတိုက်ခတ်သဖြင့် လှိုင်းများပေါ်လာသကဲ့သို့ သဲကန္တာရများအတွင်း၌လည်း သဲလှိုင်းများဖြစ်ပေါ်တတ်၏။ လေယူဆောင်သွားသော သဲများသည် တစ်နေရာ၌ ကျရောက်စုပုံမိသောအခါ ရိုးကလေးများ၊ တောင်
တန်းကလေးများသဖွယ် သဲခုံများဖြစ်ပေါ်လာလေသည်။
ကန္တာရအတွင်း၌ စိမ့်စမ်းများ၊ ရေတွင်းများ၊ မြက်ပင်များ၊စွန်ပလွံပင်များဖြင့် တန်ဆာဆင်အပ်သော နေရာကလေးများရှိ၏။ ထိုနေရာမျိုးကို အိုအေးဆစ်ဟု ခေါ်သည်။ရေမွတ်သိပ်လျက် ပင်ပန်းနွမ်းနယ်လာသော ကန္တာရခရီးသည်များသည် ထိုအိုအေးဆစ်ခေါ် ကန္တာရရိပ်သာများ၌ခေတ္တ ဝင်နားကြရ၏။ အချို့အိုအေးဆစ်များမှာခရီးသည်များ အပန်းဖြေရန်စခန်းငယ်မျှသာ ဖြစ်သော်လည်း အချို့မှာမူ လူနေအိမ်ခြေစည်ကားသော ရွာကြီးများ ဖြစ်ကြသည်။
ကန္တာရများသည် ယေဘုယျအားဖြင့် လူတို့အတွက်ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာမပေးဟု ဆိုရငြားသော်လည်း အာဖရိကတိုက်ရှိ ဆဟားရား သဲကန္တာရကြီးကိုဖြတ်သန်းတိုက်ခတ်သော လေပူတို့သည် ဥရောပတိုက်၏ အေးမြလှသော ရာသီဥတုကို မျှတညီညွတ်စေလေသည်။
ကန္တာရများအတွင်း သက်ရှိသတ္တဝါဟူ၍ မရှိသလောက်ရှားပါး၏။ သစ်ပင်ဆိုကလည်း အချို့နေရာများ၌သာ ရှားစောင်းပင်များ ကိုတွေ့ရ၏။ လူများသည်လည်း အိုအေးဆစ်ခေါ် ကန္တာရရိပ်သာတို့နှင့် သဲကန္တာရအစွန်အဖျားအရပ်များ၌သာ အိုးအိမ် အတည်တကျနှင့် နေထိုင်ကြသည်။မြက်အနည်းငယ်ပေါက်ရောက်သော နေရာများ၌ သိုးဆိတ်များကို ထိန်းကျောင်း၍ တစ်နေရာမှတစ်နေရာသို့လှည့်လည် သွားလာနေထိုင်ကြသည်။ ကန္တာရအတွင်း၌အာရပ်လူမျိုး အများဆုံးနေထိုင်ကြ၏။ ကမ္ဘာ့သမိုင်းကိုပြန်ကြည့်လျှင် ကန္တာရအတွင်း၌ နေထိုင်ခဲ့သော အာရပ်လူမျိုးတို့သည် တစ်ခါက အခြားတိုင်းပြည်များစွာကို စိုးမိုးအုပ်ချုပ်၍ ဥရောပတိုက်တောင်ပိုင်း စပိန်နိုင်ငံအထိ အာဏာစက်ဖြန့်ချိခဲ့ဘူးကြောင်း တွေ့ရသည်။
ကန္တာရများ ဖြစ်ပေါ်ရခြင်း၏ ယေဘုယျအကြောင်းရင်းမှာ မိုးနည်းပါးခြင်းကြောင့်ပင်ဖြစ်၏။ ကန္တာရများ၌ မိုးမရွာခြင်းမှာ ကန္တာရနှင့် သမုဒ္ဒရာအကြား၌ တည်ရှိသောတောင်များ ကာဆီးနေသောကြောင့် ဖြစ်၏။ သမုဒ္ဒရာမှမိုးရေယူဆောင်လာသော လေသည် တောင်များကိုဖြတ်ကျော်သောအခါ မိုကိုရွာချခဲ့သဖြင့် ကန္တာရအတွင်းသို့ရောက်သောအခါ မိုးရေမပါတော့ချေ။ တစ်နည်းအားဖြင့်ဆိုသော် ပူပြင်းခြောက်သွေ့သော လေ သာလျှင် ကန္တာရကို
ဖြတ်ကျော်တိုက်ခတ်လျက်ရှိလေသည်။
ကန္တာရအတွင်း၌ မိုးရေမရသည့်အတွက် သစ်ပင်များမပေါက်နိုင်ချေ။ စိုက်ပျိုးရေးလည်း မထွန်းကားနိုင်ချေ။သို့ရာတွင် ယခုအခါ ခေတ်မှီသည့်ဆည်မြောင်းများကိုဖေါက်လုပ်ပေးသဖြင့် ကန္တာရမြေပြင်အချို့တွင် အသီးအနှံစိုက်ပျိုးနိုင်ပေပြီ။ ကန္တာရအတွင်းသို့ ရေလုံလောက်စွာပေးသွင်းနိုင်လျှင် သီးနှံပင်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ကြပေမည်။
ကမ္ဘာပေါ်ရှိ အကြီးဆုံးကန္တာရမှာအာဖရိကတိုက်မြောက်ပိုင်းရှိဆဟားရား သဲကန္တာရဖြစ်၏။ အခြားကန္တာရများများမှာ အာရေဗျကျွန်းဆွယ်၌ အာရေဗျသဲကန္တာရ၊မြောက်အမေရိကတိုက်၌ ကော်လိုရားဒိုးနှင့် မက္ကဆီကို သဲကန္တာရ၊ တောင်အမေရိကတိုက်၌ အာတားကားမားသဲကန္တာရ၊ အာဖရိကတောင်ပိုင်း၌ ကာလာဟာရီသဲန္တာရ၊ဩစတြေးလီးယားတိုက်၌ ဩစတြေးလီးယားသဲကန္တာရ၊အာရှ တိုက်၌ ဂိုဗီသဲန္တာရများ ဖြစ်ကြ၏။ အခြား မထင်ရှားသော သဲကန္တာရငယ်များလည်း ရှိပေသေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *