ကန်စွန်းပင်

ကန်စွန်းပင် ။         ။ကန်စွန်းပင်ကို ရုက္ခဗေဒအလိုအားဖြင့်အစ်ပိုမီးယားဟု ခေါ်သည်။ ကွန်ဗေါ်ဗျူလေစီအီးမျိုးရင်းဝင်ဖြစ်၍ မျိုးစိတ်ပေါင်း ၄ဝဝ မျှရှိသည်။ ကန်စွန်းပင်မျိုးအားလုံးသည် နွယ်ပင်မျိုးသာဖြစ်သည်။
အချို့အပင်မျိုးများကို ပန်းပွင့်လှပသဖြင့် ဥယျာဉ်များတွင်စိုက်ပျိုးလေ့ရှိကြသည်။ စိုက်ပျိုးသူများကထိုအပင်များကိုကွန်ဗေါ်ဗျူးလပ်အဖြစ် သိကြသည်။
မြန်မာနိုင်ငံ၌ ထင်ရှားသောကန်စွန်းပင်မျိုးများမှာ ကန်စွန်းဥပင်၊ ကန်စွန်းကလေးပင်နှင့် ကန်စွန်းကြီးပင်များဖြစ်သည်။ ထိုအပင်များကို ရုက္ခဗေဒအလိုအားဖြင့် အစ်ပိုမီးယားဗတေးတား၊ အစ်ပိုမီးယား-အက်ကွာတီးကားနှင့် အာဂျီးရီးယား-စပီစီအိုးဆားဟု အသီးသီးခေါ်သည်။
ကန်စွန်းဥပင်သည် တစ်နှစ်ခံနွယ်ပင်ဖြစ်၏။ အစွန်း၃ခုရှိပြီး သံလျက်ပုံရှိသည့် အရွက်များ ရွက်လွှဲထွက်ကြသည်။ကတော့ပုံအပွင့်များ ပွင့်သည်။ အပွင့်များ၏ အတွင်းဖက်တွင် ၃ ပုံ ၂ ပုံခန့် နီလျက်အဝဖြူသည်။ ပန်းပွင့်၏အရွယ်မှာလက်ညှိုးခန့် ရှိပြီး အဝတစ်လက်မခွဲခန့် ရှိသည်။
မိုးကျလျှင် ကုန်းတွင်နွယ်ကို စိုက်ယူရသည်။ မိုးအကုန်တွင် မြေနိမ့်ရာနေရိပ်၌ ရေလောင်းပြီး ပျိုးထားသောနွယ်သာကျန်၍ အခြားနွယ်များ သေကုန်လေသည်။
နွယ်၏အရှည်မှာ တစ်လံနှစ်လံခန့်ရှိပြီး အရွက်စိမ်းများရှိသည်။ ကန်စွန်းဥတွင် အဖြူရောင်၊ ရွှေရောင်ဥများရှိရာအစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ စားကြသည်။
ကန်စွန်း ကလေးပင်သည် နှစ်ကြာခံနွယ်ပင်မျိုးဖြစ်ပြီးရေသေတွင် အလေ့ကျပေါက်လေ့ရှိသည်။ လက် ၃ သစ်ခန့်ရှိသံလျက်ပုံအရွက်များ ရွက်လွှဲပေါက်ကြသည်။ ကန်စွန်းရွက်နှင့် အညွန့်များကို ချက်ပြုတ်စားသောက်ရသည်။ကန်စွန်းကြီးပင်မှာ ကန်စွန်းဥပင်နှင့် ခပ်ဆင်ဆင်တူသောတစ်နှစ်ခံနွယ်ပင်ဖြစ်သည်။ အရွက်များကို ချက်ပြုတ်စားသောက်ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *