ကန့်၊အိုင် (ခရစ် ၁၇၂၄-၁၈ဝ၄)

ကန့်၊အိုင် (ခရစ် ၁၇၂၄-၁၈ဝ၄)။             ။နာမည်ကျော်ဂျာမန်လူမျိုး ယထာဘူတကဝိကြီး အီမန်းနျူအယ်ကန့်သည်၁၇၂၄ ခု ဧပြီလ ၂၂ ရက်နေ့၌ အရှေ့ပရပ်ရှားပြည်၊ ကေးနစ္စဗတ်မြို့တွင် ဖွားမြင်သည်။ အဖိုးဖြစ်သူမှာ စကော့တလန်ပြည်မှ ပြောင်းရွေ့လာခဲ့သူ ဖြစ်၍ ဖခင်မှာကား ထိုမြို့တွင်မြင်းကုန်းနှီးကကြိုးတန်ဆာများ လုပ်ကိုင်ရောင်းချသူ ဖြစ်၏။ ကန့်အားအသက် ၁၀ နှစ်သားလောက်တွင် သီယိုလိုဂျီခေါ် ဗြဟဒေဝဗေဒကို လေ့လာရန်အတွက် ကျောင်းသို့ပို့ခဲ့၏။ သို့သော်ထိုစဉ် ကသူသည် ဂရိနှင့် လက်တင်စာပေတို့ကိုအထူးလေ့လာခဲ့ရာ အလားအလာများစွာ ရှိသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ ၁၇၄ဝ ပြည့်နှစ်၌တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသည့် အခါတွင်လည်း ကန့်သည် သင်္ချာဘာသာနှင့် ရူပဗေဒဘာသာရပ်များ၌ ပိုမိုစိတ်ဝင်စားခဲ့သည်။ ယင်းသို့ ပညာကိုရှာမှီးနေဆဲတွင် သူ၏ဖခင်သည် ၁၇၄၆ ခုနှစ်၌ ကွယ်လွန်သွားသဖြင့်ကန့်သည် ဆရာတစ်လှည့်၊ ကျောင်းသားတစ်လှည့်ဖြင့်ပညာကို ဆက်လက်သင်ကြားခဲ့ရသည်။ တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ဆွတ်ခူး ပြီးနောက် ၁၅ နှစ်မျှ အလွတ်ပြ ဆရာအဖြစ်
အသက်မွေးခဲ့သည်။ ထိုအတောအတွင်းသူ၏နာမည်မှာစာရေးဆရာအဖြစ်ဖြင့်လည်းကောင်း၊ ကထိကအဖြစ်ဖြင့်လည်းကောင်း၊ တဖြည်းဖြည်းထင်ရှားလာခဲ့၏။ ကေးနစ္စဗတ်တက္ကသိုလ်တွင် ပါမောက္ခရာထူး ရရှိရန် ၂ကြိမ်မျှကြိုးစားခဲ့ရာမအောင်မြင်ခဲ့ချေ။ သို့သော် အခြားတက္ကသိုလ်များက သူ့အား
ပါမောက္ခရာထူး၌ ခန့်အပ်ရန် စကားကမ်းလှမ်းကြသည်ကိုလည်း ကန့်သည် လက်မခံခဲ့ပေ။ ၁၇၇ဝ ပြည့်နှစ်တွင်ကေးနစ္စဗတ်တက္ကသိုလ်၌ တက္ကဗေဒနှင့် အနုမာနယထာဘူတ ပညာရပ်ဆိုင်ရာ ပါမောက္ခရာထူးကို ရရှိလေသည်။ထိုရာထူးတွင် ၂၇ နှစ်မျှ အမှုထမ်းခဲ့၏။
ထိုသို့ မိမိစိတ်ကြိုက်ရာထူးကို ရခဲ့ပြီးနောက် ကန့်သည်တပည့်တို့အား တကဗေဒနှင့် အနုမာနယထာဘူတပညာတို့ကို သင်ကြားပို့ချရာ၌ သူ၏အယူအဆ၊ သဘောထားများကို ထည့်သွင်း သင်ကြားပို့ချပေးခဲ့သည်။ ထိုပြင်ထိုပညာရပ်များဆိုင်ရာ စာအုပ်စာတမ်းများကို ရေးသားခဲ့ရာတွင်လည်း သူ၏ အယူအဆသဘောတရားများကို ထည့်သွင်း ဖေါ်ပြခဲ့၏။ ကန့် ရေးသားခဲ့သော စာအုပ်များမှာအလွန်ခက်ခဲနက်နဲလှသဖြင့် သာမန်လူများ သဘောပေါက်
နားလည်နိုင်မည်မဟုတ်ချေ။ သို့သော် ကန့်၏ စာအုပ်များမှာ ကမ္ဘာကျော်စာအုပ်များဖြစ်ပေသည်။
၁၇၈၁ ခုနှစ်တွင် သူ၏ အကောင်းဆုံး လက်ရာဖြစ်သောဒကရစ်တစ်-အော့-ပျူးဝါး-ရီးဇင်း’ခေါ် စာအုပ်ကိုရေးသား ထုတ်ဝေခဲ့၏။ ထိုစာအုပ်မှာ သူ၏စာအုပ်များ အနက်အခက်ဆုံးနှင့် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးစာအုပ်ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၂၀၀ အတွင်း ထုတ်ဝေခဲ့သော ယထာဘူတပညာရပ်ဆိုင်ရာ ကျမ်းများတွင် ထိပ်တန်းမှနေသော ကျမ်းဖြစ်၍ ယင်းကို ယခုတိုင်လူအများဖတ်ရှုလေ့လာနေကြဆဲဖြစ်၏။ ထိုစာအုပ်သည် အခြား
သော ယထာဘူတကဝိများက စဉ်းစားဆင်ခြင် တိုင်းထွာခြင်းဖြင့် မည်ရွေ့မည်မျှ သိရှိနိုင်သည်ဆိုသော အချက်ကိုဝေဖန်ပြခဲ့လေသည်။ သူ၏သဘောအရ ထာဝရဘုရားရှိသည်ဆိုသော အချက်ကဲ့သို့သော အချက်မျိုးများကို မည်သည့်အခါမျှ သက်သေထုတ်၍ မပြနိုင်၊ စဉ်းစား ဆင်ခြင်ရန်လည်း ဉာဏ်မှီနိုင်မည် မဟုတ်ဟုဆို၏။ သို့သော်ယင်းတို့ကိုမဟုတ်ဟုလည်း မဆိုနိုင်ဟု ဆိုထားပြန်၏။ သူ့သဘောအရဆိုသော် ထိုကဲ့သို့သောအချက်များကို စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ ယုံကြည်ချက်ဖြင့်သာ သိထားရသည်ဟု ဆိုလေသည်။ ကန့်၏ ယထာဘူတပညာကို လေ့လာလိုက်စားလိုသူများသည် တက္ကဗေနှင့် အနုမာန ယထာဘူတပညာရပ်ကို အတန်ပင် ခေါက်မိထား ရပေမည်။ ထိုပြင်ကန့်၏ နက်နဲသော အယူအဆများကို သဘောပေါက်နိုင်ရန် မူလဂျာမန်စာကိုယ်ကို ဖတ်ရှုသင့်သည်ဟု ဆိုလေသည်။
ကန့်နှင့်စပ်လျဉ်းသည့် ထူးခြားချက်တစ်ရပ်မှာ ကန့်သည်နေရင်းအရပ်မှ တခါမျှခွာ၍ ခရီးဝေး မထွက်ခဲ့ဘူး ခြင်းပင်ဖြစ်သည်။ ကန့်သည် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စက်ကဲ့သို့ မှန်မှန်ဆောင်ရွက်ခဲ့သူဖြစ်၍ ထိုမြို့ရှိကသီဒရယ်ဘုရား ရှိခိုးကျောင်းကြီးမှ နာရီသည် သူ့လောက်
အချိန်မှန်မည် မဟုတ်ဟုဆိုကြ၏။ နေ့စဉ် နံနက် ၅ နာရီတွင် သူ၏အစေခံက လာရောက်နှိုးသည်။ အနှစ်၃၀အတွင်းထိုသို့လာနှိုးသည့်အခါတိုင်း တစ်ခါမျှ မထဘဲမနေခဲ့ချေ။ ၂နာရီစာဖတ်၍ ၂ နာရီ စာပို့ချ၏။ ထိုနောက် ၁ နာရီခန့်စာဖတ်ကာ ရေးစရာရှိသည်တို့ကိုရေးလျက် ဟိုတယ်တစ်ခုခုတွင် ညနေစာစားသည်။ ညနေစာစားယင်း မိတ်ဆွေများနှင့် တွေ့ဆုံစကားပြောသည်။ ကန့်မှာ စကားပြောကောင်းသူဖြစ်၍ မကြာခဏ လူစုလူဝေး ကောင်းလာသဖြင့်ဟိုတယ်မကြာခဏပြောင်းကာ ညနေစာ စားသောက်ရသည်။ ညနေ ၄ နာရီခွဲတွင် လမ်း လျှောက်ထွက်သည်။သူသည် ညနေစာစားပြီးတိုင်း နေပူ မိုးရွာ မရှောင် နေ့စဉ်အချိန်မှန်လမ်းလျှောက်ထွက်လေ့ရှိသည်။ မည်မျှ အချိန်မှန်သနည်းဆိုသော သူလမ်းလျှောက် ထွက်လာသည်ကို တွေ့သောအခါ ကေးနစ္စဗတ်မြို့သူမြို့သားများသည် သူတို့၏နာရီများကို အချိန်တိုက်လေ့ရှိသည် ဟုပင်ဆိုကြသည်။ ကန့်သည် အသက်ထက်ဆုံး အိမ်ထောင်မပြုဘဲ နေခဲ့လေသည်။

Leave a Reply

Your email address will not be published. Required fields are marked *