ကန့်

ကန့် ။       ။ကန့်ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြ၏။ အာရပ်လူမျိုး အဂ္ဂိယတ် ဆရာတို့သည်ကန့်၏ မီးလောင်လွယ်သောဂုဏ်အင်္ဂါကို အစွဲပြုပြီးလျှင်မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟူ၍ သတ်မှတ်ခဲ့ကြသည်။ ကန့်ကိုသဘာဝတွင်အနှံ့အပြား တွေ့ရသည်။အချို့ကိုသန့်သန့်တွေ့ရ၍ အချို့ကိုမူ ပြဒါးနှင့်ပေါင်းစပ်ကာဟင်းသပြဒါးရိုင်းအဖြစ်ဖြင့်လည်းကောင်း၊ သံနှင့်ပေါင်းစပ်ကာဗဟန်းကျောက်အဖြစ်ဖြင့်လည်းကောင်း၊ ခဲနှင့်ပေါင်းစပ်ကာဂလီးနားအဖြစ်ဖြင့်လည်းကောင်းတွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တစ်ခါတစ်ရံ ကန့်သို့မ
ဟုတ် ဆာလဖါဒိုင်အောက်ဆိုက် ထုတ်ယူရန်အသုံးပြုသည်။မီးတောင်ရှိသောအရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့်တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမှာ ဟိုဒရိုဂျင်ဆာလဖိုက်(ဒ)နှင့် ဆာလဖါဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကြပြီးလျှင် ဓါတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်
ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖေါက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိခဲ့သည်။ သို့သော်ယခုအခါ အီတလီ၊ အမေရိကန်၊ဂျပန်၊ ချီလီနှင့် ပီရူးနိုင်ငံတို့မှလည်း တူးဖေါ်ရရှိ ကြသည်။                                                                                                                             ကန့်တွင်မြေစေး၊ ထုံးကျောက်နှင့်ဂျစ်ပဆမ်ကဲ့သို့ အညစ်အကြေးများပါရှိတတ်သဖြင့် အခြားနိုင်ငံ များသို့တင်ပို့ အရောင်းချမီ ဤအညစ်အကြေးများကို ဖယ်ရှားပစ်ရသည်။ရှေးအခါက အသုံးပြုသည့်နည်းတွင် ကန့်ကိုစုပုံ၍ အရည်ပျော်သွားစေရန် မီးဖြင့်တိုက်ရိုက်ရှို့ပေးသည်။ ဤသို့တိုက်ရိုက်မီးရှို့ယူနည်းမှာ ကန့်ကိုအလဟဿ ဖြုန်းတီးရာရောက်သဖြင့် ယခုအခါမီးဖြင့် အပူတိုက်ပေးရုံသာ တိုက်ပေးပြီးလျှင်ကန့်အရည်ကို စိုနေသောသစ်သားသွန်းပုံများတွင်အတုံးပြုလုပ်ယူသည်။ သို့သော်ဤကန့်တွင် အညစ်အကြေးများ မစင်သေးသဖြင့် သံအိုးများတွင်ထည့်၍ ထပ်မံပေါင်းတင်ပေးသည်။ သံအိုးမှထွက်လာသော ကန့်အငွေ့ကိုကျောက်ဖြင့်ပြုလုပ်ထားသည့် အခန်းများတွင် အအေးခံယူသောအခါ (ဖလားဝါး- အော့-ဆာလဖါ)ခေါ် ပုံဆောင်ခဲဖြစ်သော ကန့်အမှုန့်များကိုရသည်။ တစ်ခါတစ်ရံ ကန့်ကိုတိုက်ရိုက်အခဲမပြုလုပ်ဘဲ အရည်အဖြစ်ဖြင့်ထုတ်ယူ၍ အရည်မှတစ်ဖန် အတောင့်သို့ ပြောင်းလဲယူသည်။                 အမေရိကန်ပြည်ထောင်စု လူဝီးဇီယန္နနှင့် တက်ဆက်ပြည်နယ်များ၌တွေ့ရှိရသောကန့်များမှာ သဲရှင်များနှင့်ရောနေသည့်အတွက် ရိုးရိုးနည်းဖြင့် တူးဖေါ်၍မရချေ။ ထိုအရပ် ဒေသများ၌ ယခုအခါအသုံးပြုလျက်ရှိသော နည်းတစ်နည်းမှာ ပြွန်တစ်လုံးတွင်တစ်လုံးသွင်းထားသော ပြွန် ၄ ခုကို မြေထဲကန့်ရှိရာနေရာသို့ရောက်အောင်ချပေးသည်။ ပြွန်တို့၏ အချင်းမှာ ၁ဝ လက်မ၊၆ လက်မ၊ ၃ လက်မ နှင့် ၁ လက်မ အသီးသီး ရှိကြ၏။၃ လက်မရှိသောပြွန်မှ အပူကဲရေနွေးငွေ့ကို သွင်း၍ အလယ်ပြွန်မှ ဖိသိပ်လေမှုတ်သွင်း ပေးသောအခါ အခြားပြွန်များမှအရည်ပျော်နေသော ကန့်ထွက်လာသည်။
ဈေးမှဝယ်ယူရရှိသော ကန့်ကို လျင်မြန်စွာ မီးတိုက်ပေးသောအခါ စင်တီဂရိတ် ၁၁၃ံတွင် အရည်ပျော်၍ ၄၄၄ ၅၃ံတွင် ဆူပြီးလျှင် လိမ်မော်ဝါရောင်အငွေ့သို့ ကူးပြောင်းသွားသည်။ ဤအငွေ့သည်အပူချိန်တက်လာလေလေ.. ရင့်လာလေလေဖြစ်၍ ၅ဝဝံ သို့ ရောက်ရှိသောအခါ၌ အနီရင့်ရောင်
ဖြစ်လာသည်။ တစ်ဖန် အပူချိန် ၅ဝဝံ ထက်ကျော်လွန်သောအခါ အရောင်မှာ တဖြည်းဖြည်း ဖျော့သွား၍ ၆၅ဝံတွင်ကောက်ရိုးအရောင်သို့ ကူးပြောင်းသွားသည်။ ကန့်ကိုမီးရှို့သောအခါ အလွန်စူးရှပြင်းထန်သော ဆာလဖါဒိုင်အောက်ဆိုက်ခေါ် ဓါတ်ငွေ့တစ်မျိုး ရသည်။ ဆာလဖါဒိုင်အောက်ဆိုက်ကို အောက်ဆီဂျင် ကဲပေးလျှင် ဆာလဖါထရိုင်အောက်ဆိုက်ကိုရ၍ ဆာလဖါထရိုင်အောက်ဆိုက်ကိုရေတွင်ပျော်စေသောအခါ စက်မှုလက်မှုလုပ်ငန်းတွင်
အလွန် အသုံးဝင်သည့် ဆာလဖျူရစ်အက်ဆစ်ကို ရသည်။
သတ္တဝါများနှင့် အပင်များ၏ ခန္ဓာကိုယ်တွင် ပါရှိသောပရိုတင်းများမှာ အများအားဖြင့် အလွန် ရှုပ်ထွေးသောကန့်ဒြပ်ပေါင်းများဖြစ်ကြသည်။ ဆံပင်တွင် ကန့် ၅ ရာခိုင်နှုန်း အထိပါသည်။ လူတို့တွင် ကန့်၏အသုံးဝင်ပုံမှာ အလွန်များမြောင်ပေသည်။ အသီး ခြောက်များ တာရှည်ခံအောင်ပြုလုပ်ရာ၌ ကန့်ကို အသုံးပြုလေ့ရှိသည်။ ဆာလဖါနီလာမိုက်၊ ဆာကဖါ ဂွာနဒင်း၊ ဆာကဖါသိုင်ယာဇိုးစသောလဖါဆေးများမှာ ကန့်ဝင်ဆေးများဖြစ်၍ရောဂါအမျိုးမျိုးအတွက် အလွန်အသုံးဝင်သည်။ ဝဲခြောက်နာနှင့် ပွေးတို့ကဲ့သို့အရေပြားတွင်ဖြစ်သော အနာများကို အကြောတွင်ကန့်ကော်လွိုက်ထိုးပေး၍ ကုသကြရသည်။ ဆာလဖါဒိုင်အောက်ဆိုက်ကို တံမြက်စည်း၊ ကောက်ရိုးဖြင့်ပြုလုပ်ထားသောအသုံးအဆောင်များစသည်တို့ကို အရောင်ချွတ်ရာ၌ သုံးသည်။ကန့်ဒြဗ်ပေါင်းဖြစ်သော ကျောက်ချဉ်ကို သားရေနယ်ရာ၌ဖြစ်စေ၊ ဆေးဆိုးရာ၌ဖြစ်စေ၊ စက္ကူပြုလုပ်ရာ၌ဖြစ်စေအသုံးပြုသည်။ ဓါတ်ပုံရိုက်ရာ၌ အသုံးပြုသော ဟိုက်ပိုမှာဆိုဒီယမ်သိုင်အိုဆာလဖိတ်ဖြစ်သည်။ ကော့ပါးဆာလဖိတ်နှင့်ကာဗွန်ဒိုင်ဆာလဖိုက်(ဒ)မှာ ပိုးနှိမ်ဆေးအဖြစ်ဖြင့် လည်းကောင်း၊ ဖဲရပ်ဆာလဖိတ်မှာ မင်ပြုလုပ်ရာ၌လည်းကောင်းအသီးသီးအသုံးဝင်သည်။
ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ ကန့်ကို အသွင်အမျိုးမျိုး တွေ့ကြရသည်။ ကန့် (ဆာလဖါ) ဟူ၍ ရိုးရိုးခေါ်သောအမျိုးအစားမှာ အနံ့နှင့်အရသာကင်းသော … အဝါရောင်အမှုန့်ဖြစ်သည်။ မစ်-အော့-ဆာလဖာသည် ဖြူယော်ယော်အရောင်ရှိသော အမှုန့်ဖြစ်သည်။ ကန့်ရိုးရိုး ထုံးရည်ဖြင့်
ကျိုချက်၍ ဟိုက်ဒရိုကလောရစ် အက်ဆစ်အပျော့ရည် ထည့်ပေးသောအခါ ကန့်မှုန့်များ အနည်ထိုင်လာသည်။ အနည်ကိုစစ်၍ ဆေးကြောပြီး အခြောက်ခံယူလျှင် မစ်-အော့-ဆာလဖာကို ရသည်။ ကူးသန်းရောင်းဝယ် ရာ၌အသုံးပြုရသောအခြားကန့် ၂ မျိုးမှာ ကန့်အတောင့်နှင့် ဖလားဝါး အော့-ဆာလဖာ ကန့်အမှုန့်များ ဖြစ်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *