ကုက္ကိုပင်။ ။ကုက္ကိုပင်သည် ဗုဒ္ဓဘာသာ ကျမ်းဂန်များအရ ကမ္ဘာတည် သစ်ပင်ကြီး၇ပင်တွင်ပါဝင်သည်။ ကမ္ဘာတည်သစ်ပင်ကြီး ၇ ပင်မှာ အရှေ့ကျွန်း၌ ကုက္ကိုပင်၊တောင်ကျွန်း၌ သပြေပင်၊ အနောက်ကျွန်း၌ ထိမ်ပင်၊ မြောက်ကျွန်း၌ ပဒေသာပင်၊တာဝတိံသာနတ်ပြည်၌ ပင်လယ်က
သစ်ပင်၊ အသူရာပြည်၌ သခွတ်ပင်၊ ဂဠုန်ပြည်၌ လက်ပံပင်တို့ ဖြစ်ကြ၏။ ကကုဿန်မြတ်စွာဘုရားသည် ကုက္ကိုပင်၌ပွင့်တော်မူသည်ဟု ဗုဒ္ဓဝင်တွင် ဆိုသည်။
ကုက္ကိုပင်သည်ထနောင်း မျိုးတွင်ပါဝင်လျက် မြန်မာ နှကုက္ကိုနှင့်သင်္ဘောကုက္ကိုဟူ၍ ၂ မျိုးရှိသည်။ ကုက္ကို ၂ မျိုးလုံးပင် အကိုင်းအခက် ဝေဝေဆာဆာဖြင့် အရိပ်ကောင်းသောသစ်ပင်ကြီးများဖြစ်ကြ၍ ယင်းတို့ကိုမြန်မာနိုင်ငံအရပ်ရပ်မှာ ပင် တွေ့နိုင်သည်။ အထူးသဖြင့် ခရီးသည်များအရိပ်ရစေရန် သင်္ဘော ကုက္ကိုများကိုအမြို့မြို့အရွာရွာရှိလမ်းတစ်လျှောက်တွင် အစီအရီစိုက်လေ့ ရှိကြသည်။ကုက္ကိုပင်ကို အစေ့မှဖြစ်စေ၊ အရွယ်တော် အကိုင်းပြတ်ကို
ဖြစ်စေ၊ စိုက်ပျိုးနိုင်၍ တစ်ပင်နှင့်တစ်ပင်ကို ပေသုံးလေးဆယ် ခန့်ခွာကာ စိုက်ပျိုးသင့်သည်။ အကိုင်းအခက်များ မြေသို့ ညွှတ်ကျနေတတ်သဖြင့် အသက် နုစဉ်ကပင် အကိုင်းအခက် များကို ချိုင်ပေးရသည်။
ကုက္ကိုပင်တို့သည်နွေရာသီတွင် အရွက်များချသော အပင်မျိုးဖြစ်သည်။ အရွက်များသည် နေ့အခါ၌ အစွမ်းကုန်ကားပြန့်နေကြသော်လည်း ညအခါ၌ဖြစ်စေ၊ မိုးရွာသောအခါ၌ဖြစ်စေ၊ ထူးဆန်းစွာ ခေါက်၍အိပ်တတ်ကြသည်။ပိုးပန်း ပွားကဲ့သို့ အမွေးစုတ်ဖွားရှိသော အပွင့်ကလေးများ
မှာ အလွန်သေးငယ်၍ အဆုပ်လိုက်ပွင့်ကြသည်။ အသီးများမှာ ပဲသီးတောင့်သဏ္ဌာန် ရှည်လျားလျား အသီးတောင့်များ ဖြစ်ကြ၏။ သို့သော် မြန်မာ ကုက္ကိုသီးများမှာပြား၍ဝါပြီးလျှင် သင်္ဘောကုက္ကိုသီးမှာလုံးယောင်ယောင်ဖြစ်၍ အညိုရင့်ရောင် ရှိသည်။ တစ်ဖန် သင်္ဘောကုက္ကိုသီးမှာအသားပြည့်ကာ မှည့်လျှင်ချို၍ ယင်းတို့ကို ကျွဲ နွားများနှစ်သက်ကြသည်။
မြန်မာ ကုက္ကိုနှင့် သင်္ဘော ကုက္ကိုတို့၏ကွဲလွဲချက်ကားမြန်မာကုက္ကိုက သင်္ဘော ကုက္ကိုထက် ပိုမိုအသုံးဝင်ခြင်းပင်ဖြစ်၏။ မြန်မာကုက္ကိုသည် ဆေးဖက်ဝင်၍ အရွက်နှင့်အစေ့ကို မျက်စိနာအတွက်လည်းကောင်း၊ အခေါက်ကို သွေးစုနာအတွက်လည်းကောင်း အသုံးပြုကြသည်။ အရွက်နု
များကို တစ်ခါတစ်ရံသုပ်စားကြ၍ အခေါက်ကို ပိုက်ကွန်များဆိုးရန်အတွက်လည်း အသုံးပြုကြသည်။ မြန်မာကုက္ကို၏အကာသားမှာ ဖြူ၍ကြမ်းသော်လည်း အညိုရင့်ရောင်ရှိသောအနှစ်သားမှာ အသားညက်ကာ လှပခိုင်ခံ့သဖြင့် အိမ်ဆောက်ရန်၊ အိမ်ထောင်ပရိဘောဂနှင့် တကွ လှေ၊ လှည်း၊ ထယ်၊
ထွန်များလုပ်ရန်အပြင် အိုးစည်ထွင်းရန် အသုံးကျသည်။ထိုအသားသည် မြန်မာဘုရင်များလက်ထက်က မည်မျှအဖိုးတန်သနည်းဟူမူ မြန်မာကုက္ကိုပင်များကိုလှဲသော် ကျွန်းနှင့် အခြားသစ်ပင်တို့ထက် အခွန်တော်ပို၍ ဆောင်ရသေးကြောင်း၊ နန်းတော်ပလ္လင်ပြုလုပ်သည့် သစ်သားများတွင်မြန်မာကုက္ကိုသားလည်း ပါဝင်ကြောင်းသိရသည်။
သင်္ဘောကုက္ကိုမှာမူ အရိပ်ကောင်းခြင်း၊ အသီးများကိုကျွဲနွားကျွေးခြင်းမှလွဲလျှင် အသားမှာ ပွသဖြင့် ထင်းဆိုက်ရန်နှင့် မီးသွေးဖုတ်ရန်မှတစ်ပါးအသုံးမကျချေ။