ကုက္ကား ။ ။ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရားပုထိုးများသို့ သွားရောက်ဖူးမျှော်ကြရာ၌ ပန်းနံ့သာ၊ ဆီမီးဖယောင်း တိုင်တို့ အပြင် ထီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွားစသည်တို့ကို လှူဖွယ်တန်းဖွယ်အဖြစ် ယူဆောင်သွားကြသည်။ ထိုလှူဖွယ်ဝတ္ထုများတွင် အပါအဝင်ဖြစ်သော ကုက္ကားသည် ပန်းတိုင်းပွင့် (ပဒိုင်းပွင့်)သဏ္ဌာန်ရှိသော တံခွန်တစ်မျိုးပင်ဖြစ်လေသည်။
အများအားဖြင့် ကုက္ကားကို စက္ကူဖြင့် ပြုလုပ်လေ့ရှိသည်။ စက္ကူကိုအထပ်ထပ်ခေါက်၍ ပြတ်မသွားစေဘဲတွဲစပ်၍နေအောင် ကတ်ကျေးဖြင့်ညှပ်ရသည်။ ထိုနောက်ညှပ်ပြီး စက္ကူကို ပြောင်းပြန်ဖြန့်ယူ၍ ဝါးတံကောက်တွင်တဲရရွဲနေအောင် ချိတ်ဆွဲထားလေသည်။ ကုက္ကားသည် တံခွန်သဖွယ်လေယူရာတိမ်း၍ ယိမ်းကနေသကဲ့သို့ ထင်မှတ်ရသဖြင့် ကြည့်ရှု၍တင့်တယ်လှပေသည်။ ကုက္ကားကို ဘုရားကိုးဆူကပ်ရာ အခမ်းအနားတို့၌လည်း အသုံးပြုကြလေသည်။