ကုက္ကလံ။ ။ရှေးအထက်ကျော်ကာရီက မြန်မာနိုင်ငံအတွင်း ဧရာဝတီမြစ်တစ်လျှောက် လှေတက်အများသွားလာ စုန်ဆန်လျက် ကူးသန်းရောင်းဝယ်ကြသည်။ ထိုစဉ်အခါက မီးသင်္ဘော ဟူ၍မရှိသေး၊အညာလှေကြီးများဖြင့်ကုန်စည်များကို တင်ဆောင်ကာ မြစ်စဉ်မြို့ရွာများသို့ ဝင်ထွက်ဆိုက်ကပ်ကြရသည်။ ထိုသို့ကုန်စည်များကို သယ်ယူပို့ဆောင်ရာ၌ ရေစုန်မျှောချရသည်မှာ မပင်ပန်းလှသော်လည်း အညာဒေသသို့ ဆန်တက်ရသည်မှာ မလွယ်ကူလှ
ချေ။ လှေတက်များမှာ လူအင်အားအပြင် လေ၏ အကူအညီကိုလည်း စောင့်မျှော်ရယူကြရသည်။
မိုးဦးကျစ၌ မြန်မာနိုင်ငံတွင် ရာသီလေခေါ် မုတ်သုန်လေသည် အနောက်တောင်ထောင့်မှ တိုက်ခတ်သည် ဖြစ်ရာအညာလှေကြီးတို့သည် ကုန်စည်အပြည့်ဖြင့် မိမိတို့ ရပ်ရွာဒေသသို့ ပြန်မြဲဖြစ်၏။ ထိုသို့သောအချိန်မျိုး၌ လေကြောင်းကိုသိရှိရန် အညာလှေကြီးများ၏ ရွက်တိုင်ထိပ်တွင်လည်းကောင်း၊ ပဲ့စင်တွင်လည်းကောင်း၊ အလံနှင့် တူသောကုက္ကလံကို တပ်ဆင်ထားလေသည်။ ကုက္ကလံသည် မြန်မာများအတွက် လေကြောင်းပြကရိယာ တစ်မျိုးပင် ဖြစ်လေသည်။ အောက်ရပ်ကျေးရွာသို့ ရောက်နေကြသောလှေသမားတို့သည် မိမိတို့ရပ်ရွာဒေသသို့ လွမ်းဆွတ်တမ်းတသည့်အခါကုက္ကလံသည် မြောက်အရပ်သို့ ညွှန်ပြနေသောအခါမှ ပြန်လာမည်ဖြစ်ကြောင်းကို ကုက္ကလံမြောက်ကို လှည့်ခါမှပြန်ခဲ့မယ်ရွှေညာမယ်ရဲ့၊ ခင်ရှာသူ ကလေး´ဟူသော တေးသွားမျိုးကို
ညည်းညူးကြသည်။
ကုက္ကလံကို မြစ်တွင်းခရီးသွားလှေကြီးများ၌သာမက ပင်လယ်ကူးရွက်လှေများ၌လည်း စိုက်ထူထားလေသည်။ ကုက္ကလံကို ဖျင်ဖြင့်သော်လည်းကောင်း၊ သစ်သားဖြင့်သော်လည်းကောင်း၊ ဝါးကပ်ဖြင့်သော်လည်းကောင်း ပြုလုပ်ထားလေသည်။ ကုက္ကလံပုံအမျိုးမျိုးရှိသည့်အနက် ကြက်လျှာသဏ္ဌာန်၊ တံခွန်ပြားသဏ္ဌာန်တို့ကို အတွေ့ရများလေသည်။