ကတ္တရိုက်၊ အီ(ခရစ် ၁၇၄၃-၁၈၂၃) ။ ။၁၈ ရာစုနှစ်အလယ်ပိုင်း အလွန်လောက်တွင် ခြည်ငင်စက်များ ပေါ်ထွက်လာပြီဖြစ်သော်လည်း အထည်ရက်လုပ်ရေးတွင်ကား ရှေးဟောင်း လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသေးသဖြင့် ခရီးရောက်သင့်သလောက် မရောက်သေးပေ။ ချည်
ငင်စက် များမှ ချည်မျှင်အထွက်များသလောက် လက်ရက်ကန်းသမားများက နိုင်အောင် မရက်လုပ်နိုင်သောကြောင့်လက်ရက်ကန်းများကို စက်ရက်ကန်းများအဖြစ် ပြုပြင်ပြောင်းလဲပေးရန် အချိန်ကျရောက်လာသည့် အားလျော်စွာလက်ရက်ကန်းလုပ်ငန်းများကိုတစ်မျိုး တစ်ဖုံပြောင်းလဲစေမည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် အင်္ဂလန်ပြည်တွင်အချိန်မှီပေါ် ပေါက်လာခဲ့လေသည်။
ထိုပုဂ္ဂိုလ်ကား အက်ဒမန်ကတ္တရိုက်ဖြစ်သည်။ ကတ္တရိုက်ကို ၁၇၄၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် နော့တင်ဂမ်ရှိုင်ယာနယ်မန်းဟမ်းရွာတွင် ဖွားမြင်သည်။ အစဉ်အလာကြွယ်ဝချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သဖြင့်စာပေကို ကောင်းမွန်စွာ သင်ကြားလေ့လာ နိုင်ခဲ့ပေသည်။နောက်ဆုံးတွင် အောက်စဖို့တက္ကသိုလ်မှ ပညာနို့ရည်သောက်စို့ခဲ့ပြီးနောက် စာပေနှင့်အယူဝါဒရေးကို အထူးလေ့လာ အားထုတ်လာခဲ့လေသည်။ ထိုကြောင့်လည်း
ရေဖျန်းဂိုဏ်းဝင် ဘုန်းတော်ကြီးဖြစ်လာခဲ့၏။
၁၇၈၄ ခုနှစ် သာယာသောနေ့တစ်နေ့တွင် မန်ချက်စတာအထည်သည်အချို့ စကားလက်ဆုံကျနေခိုက် ခြည်ငင်စက်ထွင်သူ အတ်ကရိုက်အကြောင်းကိုရောက်သွားရာ ကတ္တရိုက်သည် ရက်ကန်းလုပ်ငန်းတွင် အတော်ပင် စိတ်ဝင်စားမိလေသည်။ ရှေးရှေးက စာပေနှင့်အယူဝါဒရေးတွင်
သာ ပျော်မွေ့လာခဲ့သော်လည်း ချည်ငင်စက်သာမက လက်ရက်ကန်းမှ စက်ရက်ကန်းဖြစ်အောင် ကြံဆောင်လုပ်ကိုင်သင့်သည်ဟု အဆိုပါမိတ်ဆွေများအား ကတ္တရိုက်က ပြန်ပြောလိုက်မိပေသေးသည်။ အတ်ကရိုက် ချည်ငင်စက် အကြောင်းကို ကြားရသည့်နေ့မှစ၍ စက်ရက်ကန်းတီထွင်ရန် ကတ္တရိုက်စိတ်ကူးခဲ့သည်။ရှေးကရက်ကန်းစက်ကို မပြောထားဘိဦး၊ ချည်ငင်စက်ကိုပင် မတွေ့မြင်ဘူးသော ကတ္တရိုက်သည် ထိုမိတ်ဆွေများနှင့်တွေ့သည်နေ့မှစ၍ အယူဝါဒရေးနှင့်စာပေကို လုံးဝစွန့်လွှတ်ပြီးလျှင် စက်ရက်ကန်းကို စတင်လုပ်ကိုင်ရာ တစ်နှစ်အတွင်းထမြောက်အောင်မြင်၍ ၁၇၈၅ ခုနှစ်တွင် မူပိုင်ခွင့်မှတ်ပုံတင်ခဲ့လေသည်။ လက်ရက်ကန်းတွင် အတိုင်နှင့်အဖောက်ဟူ၍ ချည်နှစ်မျိုးထားသည်။ တိုင်ခြည်ကို အလျားလိုက်ထားပြီးလျှင် ဖောက်ချည်က ထိုတိုင်ခြည်ကို ကန့်လန့်ဖြတ်ပြီးရက်ရသည်။ ထိုဖေါက်ခြည်ကို လွန်းတွင်ထည့်ကာ တိုင်ချည်များကြားမှရှေ့နောက် အပြန်အလှန် လက်ဖြင့် ထိုးသွင်းပေးရသည်။
ကတ္တရိုက်၏ စက်ရက်ကန်းသည် လက်ရက်ကန်းနှင့်အလားတူစီမံထားသော်လည်း လွန်းကို ရေအားဖြင့်လည်စေသောစက်ဖြင့်အလိုအလျောက် ရှေ့နောက် အပြန်အလှန်သွားအောင်စီမံထားလေသည်။ ၁၇၈၆ နှင့် ၁၇၈၇ ခုနှစ်များတွင်မူကား သူ၏စက်ရက်ကန်းတွင် လိုအပ်သောအချက်များကို ထပ်လောင်းဖြည့်စွက်လိုက်သဖြင့် လွန်းသာလျှင်အလိုအလျောက် အပြန်အလှန်သွားနိုင်သည် မဟုတ်သေး၊တိုင်ချည်များကိုလည်း လွန်းဖောက်သည့်အခါ အသင့်ဖြစ်
စေရန် အထက်အောက်လမ်းခွဲ၍ ပေးထားနိုင်အောင် စီမံထားလေသည်။ နောက်ဆုံး ချွတ်ယွင်းချက် ကလေးများကိုထပ်လောင်း ဖြည့်စွက်လိုက်သောအခါ ယခုခေတ်သုံးစက်ရက်ကန်းမျိုး ဖြစ်လာလေသည်။ စက်ရက်ကန်း ပေါ်ထွက်လာရခြင်းမှာ ကတ္တရိုက်၏ ကြိုးစားမှုကြောင့်ဖြစ်သည်။
သို့သော် ကတ္တရိုက်၏ စက်ရန်ကန်းများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လက်ရက်ကန်းသမားများသည်သူတို့၏ စားလမ်းပိတ်ပြီဟုယူဆသဖြင့် သူ့အား ရန်သူကြီးပမာ သဘောထားကြလျက် ၁၇၉၁ ခုတွင် မန်ချက်စတာမြို့ရှိ သူ၏ စက်ရုံကိုမီးတင်ရှို့လိုက်ရာ စက်ရက်ကန်းပေါင်း
များစွာ မီးလောင်ကျွမ်း သွားလေသည်။ သို့သော် ကတ္တရိုက်သည် စိတ်ပျက်ခြင်းအလျင်းမရှိပေ။ ၁၇၈၉ ခုနှစ်တွင် သိုးမွေးချည်ပြီးစက်တစ်ခုကို အသစ်ထွင် ပြုလုပ်လိုက်ပေသေး၏။ထိုစက်ကို မူပိုင်ခွင့်မှတ်ပုံတင်ရန် အစိုးရသို့လျှောက်ထားရာအမှုအခင်းဖြစ်သဖြင့် ငွေအမြောက်အမြား ကုန်ဆုံးသွား
ရရှာသည်။ ကတ္တရိုက်ထွင်သော အခြားစက်များမှာ ကြိုးကျစ်စက်နှင့် လယ်ယာစိုက်ပျိုးရာတွင် အသုံးပြုသော စက်ကရိယာအမျိုးမျိုးတို့ ဖြစ်ပေသည်။ကတ္တရိုက်၏ တီထွင်မှုများမှာ အဖိုးမဖြတ်နိုင်လောက်အောင်ပင် လူ့လောကကြီးအတွက် အသုံးဝင်သော်လည်းလူမသမာတို့၏ လက်ချက်ဖြင့် ပျက်စီးဆုံးရှုံးရသော သူ၏စက်ရုံများ၏ တန်ဖိုးကို မကာမိနိုင်အောင်ပင်ရှိနေသဖြင့်အခက်ကြုံတွေ့နေရစဉ် ၁၈ဝ၉ ခုနှစ်တွင် သူ၏ထွင်မှုများကိုအားပေးသောအားဖြင့် ဗြိတိသျှ ပါလီမန်က ပေါင် ၁ဝဝဝဝဆုငွေ ချီးမြှင့်လိုက်လေသည်။ ထိုရရှိသော ငွေဖြင့်ပင်ကင့်န ယ်တွင်မြေယာတစ်ခုဝယ်ယူပြီးနောက်သိပ္ပံပညာဆိုင်ရာ
တီထွင်မှုနှင့်လက်တွေ့စမ်းသပ်မှုများကိုသာကြံစည် လုပ်ကိုင်ခြင်းဖြင့် အချိန်ကိုကုန်လွန်စေခဲ့၏။ ၁၈၂၃ ခု အောက်တိုဘာလ ၃ဝ ရက်နေ့တွင် ဟေးစတင်းမြို့၌ သိပ္ပံပညာရှင်ကတ္တရိုက်သည် ကွယ်လွန်အနိစ္စရောက်လေသည်။