ကတ္တရာစေး

ကတ္တရာစေး။              ။ကျောက်မီးသွေး၊ သစ်သား၊ အရိုးများနှင့်အခြား အလားတူ သြဂဲနစ်ပစ္စည်းများကို လေအလုံပိတ်ပြီးနောက် မီးပြင်းတိုက်ပေးသောအခါ ထိုပစ္စည်းများမှ အခိုးများထွက်လာသည်။ ထိုအခိုးများကို ပေါင်းခံနည်းဖြင့်အအေးခံယူရာတွင် ပျစ်၍မည်းနေသော ဆီကဲ့သို့သော
အရည်ကိုရရှိ၏။ ထိုအရည်မှာ ကတ္တရာစေး ပင်ဖြစ်သည်။အများအားဖြင့် ကတ္တရားစေးကို သစ်သားနှင့် ကျောက်မီးသွေးတို့မှ ထုတ်ယူလေ့ ရှိကြ၏။ ထိုကတ္တရာတို့ကို သစ်သားကတ္တရာနှင့် ကျောက်မီးသွေး ကတ္တရာ ဟူ၍ ခွဲခြားခေါ်ဝေါ်ကြလေသည်။
သစ်သားကတ္တရာကို များသောအားဖြင့် ထင်းရှူးမျိုးဝင်သစ်သားတို့မှထုတ်ယူရရှိရာ ဥရောပတိုက်မြောက်ပိုင်းရှိထင်းရှူးတောများမှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလီးယားပြည်နယ်ရှိ ထင်းရှူးတောများမှလည်းကောင်း၊ အမြောက်အမြားရရှိသည်။ ဆွီဒင်နိုင်ငံ ထင်းရှူးပင်များမှရသော ကတ္တရာစေးများမှာ အလွန်ကောင်းသဖြင့် အထူးပင်နာမည်ရသည်။ ထိုကတ္တရာစေးတွင် ကရီအိုစုတ် အမြောက်အမြားပါဝင်သောကြောင့် သစ်သားများကြိုးများနှင့် ကြိတ်သက္ကလတ်များကို ပိုးမစား၊ ပိုးမတောက်ဘဲတာရှည်ခံအောင် သုတ်လိမ်းပေးရန်အတွက် များစွာအသုံးပြုကြ၏။ ထိုပြင် ဆေးဝါးဖော်စပ်ရာနှင့် အန်တီဆက်ပတစ်ဆေးဆပ်ပြာများ လုပ်ကိုင်ရာတို့တွင်လည်း အသုံးပြုကြသေး၏။                                                                                  ကျောက်မီးသွေး ကတ္တရာများသည် ဆိုးဆေးအမျိုးမျိုးကိုစီမံဖေါ်စပ်ရာ၌လည်းကောင်း၊ ဆေးဆပ်ပြာများနှင့် အခြားထင်ရှားသော စက်မှုလုပ်ငန်းများတွင်လည်းကောင်း များစွာအသုံးဝင်သည်။
ရှေးခေတ်မှစ၍ ယခုခေတ်တိုင်အောင် လှေစပ်ကြောင်းများမှ ရေမဝင်နိုင်စေရန် ထိုစပ်ကြောင်းများထဲသို့ ပိတ်စကြိုးစများကို ရိုက်သွင်းပြီးလျှင် ပစ်ချကတ္တရာဖြင့် ဆို့ပိတ်ဖာထေးခဲ့ကြသည်။ ယင်းသို့ပြုလုပ်ရာတွင် အသုံးပြုသော ပစ်ကျောက်မီးသွေးချကတ္တရာမှာ ထင်းရှူးကတ္တရာသို့မဟုတ်ကတ္တရာကို မီးတိုက်ပြီးနောက်ရရှိသည့် သစ်စေးကဲ့သို့သောပစ္စည်းအမည်းဖြစ်၏။ ပစ်ချကတ္တရာကို ရေနံစိမ်း၊ အရိုးများရသောကတ္တရာစေးနှင့် အမဲဆီ၊ သစ်အဆီများမှအဆီထုတ်ပြီးနောက်ကျန်ကြွင်းနေသော ပစ္စည်းတို့မှလည်း ထုတ်ယူနိုင်၏။ အရိုးကတ္တရာနှင့် အမဲဆီ၊ သစ်အဆီများမှရသောပစ်ချကတ္တရာများမှာ အရောင်တင်ဆီများ ပြုလုပ်ရာတွင်များစွာ အသုံးဝင်သည်။ သစ်သားကတ္တရာမှရသော ပစ်ချကတ္တရာကို သစ်သားများ ပိုးမစား၊ ခြမစားရန်နှင့်မိုးခံလေခံရန် သုတ်လိမ်းပေးရာတွင် အမြောက်အမြား အသုံးပြုကြ၏။ ကျောက်မီးသွေးကတ္တရာမှရသော ပစ်ချကတ္တရာကို အရောင်တင်ဆီအနက် ဖော်စပ်ရာတွင်လည်းကောင်း၊သံချောင်း သံပြားများ သံချေးမတက်စေရန် သုတ်လိမ်းပေးရာတွင်လည်းကောင်း၊ ဆီမှိုင်းများ ဖော်စပ်ရာတွင်လည်းကောင်းအမြောက်အမြားအသုံးပြုကြ၏။ ဥရောပမြောက်ပိုင်း ဖင်လန်နိုင်ငံမှထွက်သော ဗာဂန်ဒီပစ်ချကတ္တရာသည် ဆေးဝင်ပစ္စည်းဖြစ်၍ ဆေးဝါးဖော်စပ်ရာတွင် များစွာအသုံးဝင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *