ကတ္တရာ ။ ။ကတ္တရာကို ဟိုက်ဒရိုကာဗွန်ဒြပ်ပေါင်းအမျိုးမျိုးပါဝင်သည့် ဗစ်တျူမင်ကတ္တရာခေါ် ပစ္စည်းတစ်မျိုးမှရရှိ၏။ ကတ္တရာအရောင်မှာ အညိုသို့မဟုတ် အမည်းဖြစ်၏။အချို့ကတ္တရာသည် မည်း၍ အရောင်လက်၏။ အချို့မှာတွင်းထွက် ကျောက်မီးသွေးများမှ ရသော ကတ္တရာစေးကဲ့သို့
ကပ်စေးစေးရှိ၏။ ကတ္တရာကို တစ်ခုခုတွင်ထည့်၍ မီးတိုက်ပေးသောအခါ အပူချိန်စင်တီဂရိတ် ဒီဂရီ ၁ဝဝ တွင် အလွယ်တကူ အရည်ပျော်၍ ထူထပ်သောမီးခိုးလုံးများထွက်လာ၏။
ကတ္တရာကို တောင်အမေရိကတိုက် အော်ရင်နိုးကိုး မြစ်ဝအလွန်တွင် တည်ရှိသော ထရင်းနီဒက်ကျွန်းမှ အမြောက်အမြားရရှိသည်။ ထိုကျွန်းရှိ ကတ္တရာကျင်းများမှာ ရေကန်ကြီးသဖွယ်ဖြစ်၍ အကျယ်မှာတစ်မိုင်ခန့်ပင်ရှိ၏။ ထိုကတ္တရာကျင်းတည်နေရာသည် ရွှံ့မီးတောင်သေ၏ ထိပ်ဝဖြစ်ဟန်တူ
သည်။ ထူးခြားသော အချက်တစ်ရပ်မှာ ကျင်းတစ်ကျင်းမှကတ္တရာကို အမြောက်အမြား ထူးဖော် ထုတ်ယူသော်လည်းကတ္တရာများပြန်၍ ပြည့်လာသော အချက်ပင်ဖြစ်၏။ ယင်းသို့ ပြန်ပြည့်လာခြင်းအကြောင်းမှာ ကတ္တရာကျင်းရှိရာမြေအောက်မှ ကတ္တရာများသည် အပေါ်သို့အစဉ်မပြတ် တက်လာနေသော ကြောင့်ပင်ဖြစ်သည်။ ကတ္တရာကို တောင်အမေရိကတိုက်ဗင်နီးဇွီးလားနိုင်ငံမှလည်းကောင်း၊ ကျူးဗားကျွန်းမှလည်းကောင်း၊ အများအပြားတူးဖော်ရရှိကြ၏။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယာပြည်နယ်မှ ထွက်သောကတ္တရာသည် အလွန်ကောင်းသောကြောင့် မည်သို့မျှ ပြုပြင်မပေးရဘဲ လမ်းခင်းရန်အတွက်အသုံးပြုနိုင်ပေသည်။ ကတ္တရာကို အခြားအမေရိကန်ပြည်ထောင်စုပြည်နယ်များ၊ ကနေဒါပြည်နှင့် ဥရောပတိုင်းပြည်များမှလည်း ရနိုင်သည်။
ရှေးနှစ်ပေါင်းများစွာက ပင်လယ်အောက်တွင် နစ်မြုပ်လျက်ရှိသော အပင်နှင့် တိရစ္ဆာန်တို့၏ အကြွင်းအကျန်တို့သည် သဘာဝအလျောက် တဖြည်းဖြည်း ရေနံဘဝသို့ပြောင်းသွား၍ ထိုရေနံဘဝမှ တစ်ဖန် နှစ်လရှည်ကြာလတ်သော်ကတ္တရာဖြစ်လာသည်ဟု ဘူမိဗေဒပညာရှင်အားလုံးလောက်
တို့က တညီတညွတ်တည်း ယူကြ၏။ ယင်းသို့ဖြစ်လာပုံမှာမြေအောက်တွင် ကတ္တရာအဖြစ် မရောက်မီ ရေနံဘဝနှင့်ရှိနေစဉ် ရေနံမှပေါ့ပါးသောဆီတို့သည် မြေကီးပပ်ကြောင်းအက်ကြားမှ သဘာဝအလျောက် အငွေ့ပျံ၍တက်သွားကြ၏။ ယင်းသို့ အငွေ့ပျံတက် သွားရာမှ ကျန်ရှိနေသောရေနံသည် အောက်ဆီဂျင်နှင့်ပေါင်းစပ်ပြီးလျှင်ကတ္တရာ ဖြစ်သွား၏။ ကတ္တရားရိုင်းကိုကျို၍ ဗစ်တျူမင်ခေါ်တွင်းထွက် ကတ္တရာစေးကဲ့သို့သောပစ္စည်းများ၊ သဲများ၊ကယ်လဆီယမ် ကာဗွန်နိတ်များနှင့်ရောစပ်၍ အင်္ဂတေပြုလုပ်ကြသည်။
အနက်ရောင် အရောင်တင်ဆီများ၊ အိမ်မိုးရန် တရပတ်များနှင့် ရေခံစက္ကူများကို ကတ္တရာဖြင့် ပြုလုပ်စီမံကြ၏။ထိုပြင် တံတားများနှင့်အဆောက်အအုံ အုတ်မြစ်များတွင်လည်း ရေမဝင်စေရန် ရေခံပစ္စည်းအဖြစ်ဖြင့် အသုံးပြုကြသေး၏။ ရှေးအခါကပင် ကတ္တရာကိုလမ်းခင်းရာ၌ အသုံး
ပြုခဲ့ကြရာ ယခုအခါ၌ကားလမ်းများ ပိုမိုခိုင်ခံ့၍ တာရှည်ခံနိုင်စေရန် ကတ္တရာကို သဲများ၊ ကျောက်အကြေများ နှင့်ရောစပ်၍ သုံးစွဲကြသည်။