ကစ်ရှမြို့

ကစ်ရှမြို့။          ။အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သော ဘဂ္ဂဒက်မြို့၏ တောင်ဘက် မိုင် ၁ဝဝ ခန့်အကွာ၊ ယူဖရေးတီးနှင့်တိုင်းဂရစ်မြစ်များအကြားတွင် မြို့ပျက်နေရာတစ်ခုတည်ရှိ၏။ယင်းမှာ ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က လူနေအိမ်ခြေစည်ကားလျက် ခမ်းနားကြီးကျယ်သော ကစ်ရှမြို့တည်ရာအရပ်ဖြစ်သည်။
ထိုကစ်ရှမြို့မှာ ကမ္ဘာကိုရေလွှမ်းပြီးနောက် ရှေးဦးစွာတည်ဆောက်ခဲ့သောမြို့ ဖြစ်ကြောင်းနှင့် ထိုမြို့ပျက်နေရာအတွင်းမှ တူးဖော်ရရှိသော ကျောက်စာများတွင်ဖော်ပြပါရှိသည်။ ထိုပြင် ဆူမီးယားရီးယန်းလူမျိုးတို့ကောင်းစားစဉ်က မြို့တော်ဟောင်း ကြီးဖြစ်ကြောင်းနှင့် ကမ္ဘာအရှေ့အနီးပိုင်းတွင် ယဉ်ကျေးမှုစတင်ထွန်းကားရာ အရပ်ဖြစ်ခဲ့သည်ဟုလည်း ဆိုကြသည်။
မြို့ပျက်အတွင်းရှိ တောင်ပို့ကြီးတစ်ခုကိုအမြင့်ဆုံး နေရာမှအောက်ပေ ၆ဝ ခန့် နက်အောင် တူးဖော်ကြည့်ရာတွင်ကျောက်လက်နက်များကို အသုံးပြုသော ကျောက်ခေတ်မှခရစ်တော် ပေါ်ထွန်းသည့်ခေတ်အထိ ထိုကာလအပိုင်းအခြားအတွင်း အသုံးပြုခဲ့သော ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ဝတ္ထုပစ္စည်းများကို တွေ့ရှိခဲ့၏။ ထိုပြင် မြေအောက်ပေ ၄ဝ အနက်တွင် နုံးမြေဆီလွှာကို တွေ့ရှိရခြင်းကြောင့်ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃ဝဝဝ ကျော်လောက်ကပင်ထိုမြို့ကို ရေလွှမ်းမိုးသွားခဲ့ဘူးသည်ဟု ယူဆကြ၏။ အချို့ကလည်း ထိုနုံးမြေဆီလွှာသည် သမ္မာကျမ်းစာတွင် ဖော်ပြပါရှိသော ရေလွှမ်း မိုးမှုကြီး၏ အထောက်အထားဖြစ်သည်ဟုယုံကြည်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *