ကစ်ပလင်း’အာ(ခရစ် ၁၈၆၅-၁၉၃၆) ။ ။ရတ်ဒယတ်ကစ်ပလင်းမှာ အင်္ဂလိပ်လူမျိုး ကဗျာဆရာနှင့် ဝတ္ထုရေးဆရာဖြစ်၍ အိန္ဒိယနိုင်ငံ ဘုံဘိုင်မြို့၌ ၁၈၆၅ ခု ဒီဇင်ဘာလ၃၀ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ဖခင်မှာ ထိုအချိန်ကဘုံဘိုင်မြို့ သုခုမပညာသင်ကျောင်းတွင် ပါမောက္ခတစ်ဦးအဖြစ်
ဆောင်ရွက်နေသော ဂျွန်လော့ကဝုကစ်ပလင်း ဖြစ်သည်။ကစ်ပလင်းသည် ၅ နှစ်သားအထိ ဘုံဘိုင်မြို့၌ပင်နေထိုင်ခဲ့ရာ ထိုအတောအတွင်း အိန္ဒိယအမျိုးသမီး နို့ထိန်းများ၏ လက်ပေါ်တွင်ကြီးပြင်းခဲ့လေသည်။ သို့ဖြစ်ရကားကစ်ပလင်းသည် ဟိန္ဒူစတန္နီဘာသာကို ငယ်ရွယ်စဉ်ကပင် နားလည်ခဲ့သဖြင့် ၊
နို့ထိန်းများပြောပြသောအိန္ဒိယလူမျိုးများ၏ ရှေးဟောင်း ပုံပြင်များမှာ သူ၏မှတ်ဉာဏ်တွင် စွဲမြဲနေခဲ့၏။
၆ နှစ်သားတွင် သူ၏ မိဘများက အင်္ဂလန်ပြည်သို့ စာသင်ရန် စေလွှတ်ခဲ့၏။ သို့ရာတွင် ကျန်းမာရေးချို့တဲ့သဖြင့် ၁၂ နှစ်သားရှိမှကျောင်း
စ၍နေရသည်။ သူသည် ဒက်ဗွန်ရှိုင်ယာနယ် ဝက်စဝပ်ဟိုးမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင် ကြားရ၏။ ထို စာသင်ကျောင်းရှိကျောင်းသူ ကျောင်းသားများမှာ အများအားဖြင့်အိန္ဒိယနိုင်ငံတွင်အမှုထမ်းနေကြသော အင်္ဂလိပ်အရာ ရှိကြီးများ၏ သားသမီးများဖြစ်ကြသည်။ ကစ်ပလင်းသည်
ထိုကျောင်းမှ ထုတ်ဝေသော စာစောင်၏ စာတည်း ဖြစ်လေသည်။
အသက် ၁၇ နှစ်တွင် ကစ်ပလင်းသည် အိန္ဒိယနိုင်ငံသို့ပြန်လည်နေထိုင်ခဲ့၏။ ထိုအချိန်၌ သူ၏ဖခင်မှာ အိန္ဒိယနိုင်ငံပန်ဂျပ်နယ်လာဟိုမြို့တွင် ပြတိုက်မှူးအဖြစ် လုပ်ကိုင်လျက်ရှိ၍၊ ကစ်ပလင်းသည် လာဟိုမြို့မှထုတ်ဝေသော ဒမြို့ပြနှင့်စစ်ရေးပြန်တမ်း” အမည်ရှိသတင်းစာတွင် လက်ထောက်
စာတည်း တစ်ဦးဖြစ်လာသည်။ ကစ်ပလင်းသည် ကျောင်းနေစဉ်က တွေ့ကြုံခဲ့ရသော ကိုယ်တွေ့အဖြစ်အပျက်များကိုဒစတော့ကီးနှင့်အဖေါ်များ” အမည်ဖြင့် စာအုပ်တစ်အုပ်ရေးခဲ့သည်။ ထိုစာအုပ်သည် သူ၏စာဖတ်ပရိသတ်ကြိုက်စာအုပ်တို့တွင် အပါအဝင် ဖြစ်ခဲ့သည်။
ကစ်ပလင်းသည် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများသို့ လှည့်လည်ပြီးနောက် ၁၈၈၉ ခုနှစ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့တွင် အတည်တကျနေထိုင်ခဲ့သည်။ ဤသို့ကမ္ဘာကိုလှည့်၍ ခရီးသွားခဲ့ရာ၌ တွေ့ကြုံခဲ့ရသည်တို့ကို ဒပင်လယ်မှပင်လယ်သို့ စာအုပ်တွင် ရေးသားဖေါ်ပြထားလေသည်။ ၁၈၉၁ ခုနှစ်တွင် ကစ်ပလင်းသည် မထွန်းပနိုင်သောအလင်းရောင်” စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။နောက်တစ်နှစ်တွင် ကစ်ပလင်း
သည် အမေရိကန်အမျိုးသမီး ကယ်ရိုလိုင်းစတားဗာလက်စတီးယားနှင့် လက်ထပ်သည်။
ကမ္ဘာအရပ်ရပ်နိုင်ငံများသို့ လှည့်လည်၍ ခရီးသွားခဲ့ရာ၌ ကစ်ပလင်းသည် မြန်မာနိုင်ငံသို့လည်း ရောက်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ်တွင်‘မန္တလေး အမည်ရှိ ကဗျာကိုစပ်ဆိုခဲ့၏။ကစ်ပလင်းတို့ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စုတွင် ၄ နှစ်တိတိနေထိုင်ခဲ့ကြရာ ထိုအတောအတွင်း စာအုပ်စာတမ်း
အမြောက်အမြား ရေးသားခဲ့သည်။ သူ၏ အရေးအသားကို အမေရိကန်လူထုက အထူးပင်နှစ်သက်ကြသဖြင့် ချက်ခြင်းပင် နာမည်ကျော်ကြားလာသည်။ သူ့အား အသည်းစွဲဖြစ်သဖြင့် အချို့သောရွာနယ်ပယ်တို့ကို ကစ်ပလင်းနာမည်ဖြင့်ပင် မှည့်ခေါ်ကြလေသည်။
၁၈၉၆ ခုနှစ်တွင် ကစ်ပလင်းသည် အင်္ဂလန်ပြည်သို့ ပြန်လာပြီးလျှင် ဝိတိုရိယဘုရင်မကြီး၏ နန်းသက်အနှစ် ၆၀မြောက် အထိမ်းအမှတ် ‘ရီဆက်ရှင်းနဲ’ ကဗျာကိုစပ်ဆိုခဲ့သည်။ ထိုကဗျာမှာ ကစ်ပလင်း ရေးခဲ့သမျှသောကဗျာများထဲတွင် အခန့်ဆုံးကဗျာဖြစ်သည်ဟု ဆိုကြသည်။၁၉ဝဝ ပြည့် နှစ်တွင် ကစ်ပလင်းသည် အင်္ဂလိပ် သတင်းစာ ကြီးတစ်စောင်အတွက် ဗိုးဝါးစစ်ပွဲသတင်းများကို ထောက်လှမ်းပေးပို့ရန် တောင်အာဖရိကသို့ သွားရောက်ခဲ့၏။
ထိုနောက် ပထမကမ္ဘာစစ် နီးကပ်လာသောအခါ နိုင်ငံရေးလောကထဲသို့တစ်စတစ်စရောက်ရှိလာခဲ့လေသည်။ သို့သော်လည်း နိုင်ငံရေးသမားတစ်ဦးအနေနှင့် ကြီးပွားတိုးတက်ခြင်းမရှိခဲ့ပေ။ စာရေးဆရာတစ်ဦးအနေနှင့်ကား နာမည်ကျော်ခဲ့လေသည်။ ၁၉ဝ၇ ခုနှစ်တွင် စာပေဆိုင်ရာ နိုဗဲဆုဖြင့်
ချီးမြှင့်ခြင်းခံရလေသည်။ ကစ်ပလင်းရေးသားခဲ့သော စာအုပ်များအနက်တွင်းပုံပြင် စာအုပ်များမှာ အထူးပင် လူကြိုက် များခဲ့လေသည်။ ထိုစာအုပ်တွင် မော်ဂလီအမည်ရှိ တောတွင်းသားကလေးကို ဇာတ်လိုက်အဖြစ်ထား၍ တုန်လှုပ်ချောက်ချား၊စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များကို သဘာဝကျကျရေးသားထားလေသည်။
ကစ်ပလင်း၏စာအုပ်များသည်နယ်ချဲ့စနစ်ကိုအားပေးခဲ့သည်။ သူရေးသမျှသောစာအုပ်တိုင်းမှာလိုပင် ဗြိတိသျှလူမျိုးတို့၏ တန်ခိုးအာဏာလွှမ်းမိုးမှုကို အဓိကထားကာရေးသားခဲ့သည်။ အင်္ဂလိပ်လူမျိုးများသည် ကမ္ဘာပေါ်တွင် အယဉ်ကျေးဆုံး လူမျိုး ဖြစ်သည်။ အခြားလူမျိုးများမှာ သူတို့လောက် မယဉ်ကျေးမတိုးတက်သေး။ ထိုကြောင့်အင်္ဂလိပ်လူမျိုးများသည် အခြားလူမျိုးများကိုစိုးမိုးအုပ်ချုပ်၍ ယဉ်ကျေးလာအောင် ဆုံးမသွန်သင်ပေးရမည်။ ဤကားကစ်ပလင်းအယူအဆပင်ဖြစ်၏။ ထိုမှတစ်ပါး လည်းလူဖြူများသည်လူဝါလူမဲလူညိုများထက်မြင့်မြတ်မယဉ်ကျေး၍ ကလေးဆန်သော လူဝါနှင့် လူမဲများ ကိုယဉ်ကျေးလာအောင်ဆုံးမရန်မှာ လူဖြူများ၏ တာဝန်ဖြစ်သည်ဟုလည်း ကစ်ပလင်းက ယုံကြည်လေသည်။
ကစ်ပလင်းသည် အထက်ပါ အရေးအသားဖြင့် ဗြိတိသျှတို့၏ နယ်ချဲ့စနစ်ကိုမြေတောင်မြှောက်ခဲ့သူဖြစ်ရာ သူ့ကိုဗြိတိသျှလူမျိုးများက အင်ပိုင်ယာစာဆိုတော်ကြီးဟူ၍ ဂုဏ်ပြုခဲ့ကြသော်လည်း တစ်ဖက်အမြင်တွင်မူ နယ်ချဲ့စာရေးဆရာကြီးဟု ခေါ်ဆိုကြမည်ဖြစ်သတည်း။
တောတွင်းသားလေး မော်ဂလီ အခါတစ်ပါး၌ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသရှိ တောနက်ကြီးအစပ်တွင် ဇနီးမောင်နှံ ၂ ယောက်သည် အိမ်တစ်ဆောင်ဆောက်လုပ်နေထိုင်ကြလေသည်။ သူတို့တွင် မော်ဂလီအမည်တွင်သော သားငယ်ကလေးတစ်ယောက်ရှိ၏။ တစ်ညသ၌ အဆိုပါလင်မယားသည် မတ်တတ်သွားခါစ သားက
လေးနှင့်အတူ မီးဖိုကြီးဘေးတွင်ထိုင်နေကြစဉ်ကြောက်မက်ကောင်းသော ကျားကြီးတစ်ကောင်သည် တောထဲမှထွက်လာ၏။ ထိုကျားကြီး၏အမည်မှာ ရှီးယားခန်ဖြစ်၏။ ကျားကြီးသည် သူတို့ကိုမြင်သောအခါ စားချင်ဇောနှင့် အနီးမှမီးဖိုကိုပင်သတိမထားမိဘဲ ခုန်အုပ်လိုက်ရာ ခြေထောက်ကို မီးလောင်သွားလေသည်။ မီးလောင်နာများကိုရှီးယားခန်သည် လျှာဖြင့်လျက်နေခိုက် လင်မယားနှစ်ယောက်သည် ကိုယ်မချိ အမိသော်လည်း သားတော်ခဲဟူသကဲ့သို့ လူမမယ်သားကလေးကိုပင် မခေါ်နိုင်ဘဲကြောက်အားကြီးစွာ ကိုယ်လွတ်ထွက်ပြေးကြ၏။ မော်ဂလီကလေးသည် နီးရာ တောစပ်ထဲသို့လေးဖက်တွားကာဝင်ရောက်ခဲ့လေသည်။ထိုကလေးသည် ကျောက်ဂူကြီး တစ်ခုအနီးသို့ရောက်သွားသည်တွင် ကျောက်ဂူကြီးအတွင်း၌ အိပ်နေသောဝံပုလွေမောင်နှံသည် အပြင်မှ ချိုးချိုးချွတ်ချွတ်အသံကြားသဖြင့်ထွက်၍ ကြည့်ကြသောအခါ၊ လူသားကလေးကို တွေ့ရှိကြသဖြင့် ချစ်ခင်သောကြောင့် မွေးစားထားရန် ဆုံးဖြတ်လိုက်ကြ၏။ ကျားကီးရှီးယားခန်လည်း လူနံ့ခံ၍လိုက်လာခဲ့ရာ ကျောက်ဂူကြီးအနီးသို့ရောက်လာလတ်သော် တံခါးဝမှနေလျက် ကလေးငယ်ကို သူ၏အစာဖြစ်သည်ဟုပြောကာ တောင်း၏။ ထိုအခါ ဝံပုလွေမကြီးကထိုလူသားငယ်မှာ မိမိတို့၏မွေးစားသား ဖြစ်နေ၍ မပေးနိုင်ကြောင်း၊ ထိုကလေးကို အခြားသောဝံပုလွေငယ်များနှင့်အတူ ကစားပျော်ပါးနေထိုင်စေပြီးလျှင် သားရဲတိရစ္ဆာန်များကို ဖမ်းယူစားသောက်လာတတ်အောင် သင်ကြားပေးမည်ဖြစ်ကြောင်း၊ နောင်တစ်နေ့တွင် ရှီးယားခန်ကိုပင် သတ်ပစ်လိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို လိုက်သော အခါ၊ကျားကြီးရှီးယားခန်သည် မကျေမချမ်းနိုင်ဘဲ ထွက်သွားရလေသည်။
သို့ဖြင့် မော်ဂလီကလေးသည် ဝံပုလွေ ကလေးများနှင့်နေသားတကျရှိလာသောအခါ သူ့ကိုဆက်လက်၍ မွေးစားသင့်မသင့်ကို ဝံပုလွေဖိုသည်ဝံပုလွေမနှင့်တိုင်ပင်၏။ ဝံပုလွေတို့၏ ထုံးစံမှာဝံပုလွေငယ်ကလေးများ အရွယ်ရောက်လာသည့်အချိန်၌ ဝံပုလွေ အစည်းအဝေးကြီးသို့တင်ပြကာ
အသိအမှတ်ပြုရန် တောင်းဆိုရ၏။ ဝံပုလွေမသည် လူသားကလေးအား သားအရင်းနှင့်မခြား ချစ်ခင်ခဲ့သည့်အလျောက် ထိုအစည်းအဝေးကြီး သို့ ဝံပုလွေငယ်ကလေးများနှင့်အတူ တင်ပြရန် စီစဉ်ထား၏။ တစ်ညသောအခါ ဝံပုလွေများသည် မိမိတို့စည်းဝေးရာဖြစ်သော ကျောက်ဆောင်တောင်ကမူတွင် ဝံပုလွေအစည်းအဝေးကိုကျင်းပကြလေရာ၊ ဝံပုလွေမောင်နှံလည်း သားငယ်ဝံပုလွေကလေးများနှင့် အတူလူသားကလေး မော်ဂလီကိုတင်ပြကြ၏။ ဝံပုလွေတို့၏ ခေါင်းဆောင်ကြီးဖြစ်သော အာကေလာခေါ် ဝံပုလွေကြီးက ထိုလူသား ကလေးမော်ဂလီအား ဝံပုလွေအသင်းဝင် အဖြစ် အသိအမှတ်ပြုရေးပြဿနာကို စဉ်းစားကြရန် ပြောကြားနေစဉ်၊ကျားကြီးရှီးယားခန် သည်ကြောက်မက်ဖွယ် ဟိန်းလျက်မိမိ၏အစာဖြစ်သော လူသားငယ်အား ပေးအပ်ရန် တောင်းဆို၏။ ထိုအခိုက်တွင် ဝံပုလွေများထဲမှ ဝံပုလွေငယ် တစ်ကောင်သည်ထိုကျားကြီးရှီးယားခန်ကို ကြောက်ရွံ့ထိတ်လန့်သဖြင့်လူသားငယ်ကို မည်သည့်အကြောင်းကြောင့် ဝံပုလွေအုပ်စုထဲသို့ ထည့်သွင်းသင့်သနည်းဟု စောဒကတက်လေသည်။
ဝံပုလွေတို့၏ထုံးစံတစ်ရပ်မှာ အထက်ပါ ကိစ္စမျိုးစဉ်းစားရာ၌သဘောကွဲလွဲမှု ပေါ်ပေါက်လာခဲ့သော်၊ ထို ဝံပုလွေငယ်၏ မိဘမဟုတ်သည့် အခြား တောတွင်းတိရစ္ဆာန်နှစ်ကောင်က လက်ခံသင့် သည်ဟူသော သဘောတူထောက်ခံချက် ပေးရ၏။ ဤကိစ္စတွင် ဝံပုလွေကျောင်းဆရာကြီးဖြစ်သော ဝက်ဝံညိုကြီး ဗလူးနှင့် ကျားသစ်နက်ကြီး ဗာဂီးရားတို့က မော်ဂလီအား လက်ခံရန်ထောက်ခံပြောဆိုကြသည်။ ထိုပြင် ကျားသစ်နက်ကြီး ဗာဂီးရားက ဝံပုလွေငယ်တစ်ကောင်သည် အဖိုးအခပေးခြင်းဖြင့် ဝံပုလွေအသင်းဝင်ဖြစ်နိုင်သော ဥပဒေရှိကြောင်းကိုလည်း အထောက်အထားနှင့် ပြောဆိုသေး၏။ ထိုအဖိုးအခမှာ အသင်းဝင်ကြေး သဘောမျိုးဖြစ်ရာ ထိုအတွက် နွားပိုက်ကြီးတစ်ကောင်ကို မော်ဂလီ၏အသင်းဝင်ကြေးအဖြစ် သူကပေးအပ်ပါကြောင်း
ပြောဆိုလေသည်။ ထိုအချက်ကိုအားလုံး သဘောတူကြသဖြင့် မော်ဂလီကလေးအား ဝံပုလွေမိသားတစ်ဦးအဖြစ်လက်ခံရန် ဆုံးဖြတ်လိုက်ကြ၏။
မော်ဂလီကလေးသည် ဝံပုလွေမိသားစု တစ်ဦးဖြစ်လာသည့်နေ့မှစ၍ တောတွင်းအတတ်ပညာများကို ဝက်ဝံညိုကြီးဗလူးထံတွင် သင်ကြားလေသည်။ ကျားသစ်နက်ကြီးဗားကီးရားမှာ မော်ာ်လီ၏မိတ်ဆွေရင်းချာတစ်ဦးဖြစ်လာသည်။မော်ဂလီကြီးပြင်းလာသောအခါ အပြေးအခုန်မှစ၍ သစ်ပင်
တက်၊ အမဲလိုက်၊ ရေကူး၊ သစ်သီးရှာ စသည့်တောတွင်းအတတ်ပညာများကို တတ်မြောက် ကျွမ်းကျင်ခဲ့၏။ဗားဂီးရားကမူ မော်ဂလီအား ကျားကြီးရှီးယားခန်၏ဘေးရန်မှ ရှောင်တိမ်းနိုင်ရန် အမြဲသတိပေးလျက်ရှိ၏။
မော်ဂလီအသက် ၁၂ နှစ်သို့ ရောက်သော် ဗာဂီးရားကမော်ဂလီအား ရှီးယားခန်ကြီး၏ရန်ကို အမြဲ သတိပြုသင့်ကြောင်း၊ ကျားကြီးသညစားကြွင်းစားကျန်များကို ဝံပုလွေငယ်များအားဝေငှပေးကမ်းကာ သူ့ဖက်သားဖြစ်အောင် အင်အားစုဆောင်းခဲ့သဖြင့် ယခုအခါကျားကြီးရှီးယားခန်တွင် နောက်လိုက်ဝံပုလွေငယ်အတော်အတန်များနေပြီဖြစ်ကြောင်း၊ ဝံပုလွေတို့၏ ခေါင်းဆောင်ကြီး အာကေလာမှာ အိုမင်းရင့်ရော်နေပြီဖြစ်၍ သားကောင်များကိုပင် ရအောင်မဖမ်းဆီးနိုင်တော့သဖြင့် တန်ခိုး အာဏာနည်းပါးနေပြီဖြစ်ကြောင်း၊ အကယ်၍ လက်ရှိခေါင်းဆောင်ကြီးကို တစ်စုံတစ်ယောက်က လုပ်ကြံမည်ဟုဆိုက မော်ဂလီ၏ နောင်ရေးမှာ စိုးရိမ်စရာကောင်းကြောင်းတို့ကို ရှင်းလင်းပြောပြ၏။
မော်ဂလီလည်း ဗာဂီးရားသည် မိမိအားတကယ့်စေတနာဖြင့် သတိပေးနေကြောင်းကိုယုံကြည်သဖြင့် မိမိ၏နောင်ရေးနှင့် ကျားကြီးရှီးယားခန်၏ရန်ကို တွေးတောစပြုလာ၏။ သို့ရာတွင် ဗာဂီးရားကပင် ဆက်လက်၍ အားပေးစကား ပြောယင်း အကယ်၍ အနီးရှိရွာတစ်ရွာမှ ပန်းနီနီ
တစ်ပွင့်ကို ယူဆောင်လာနိုင်ပါက မော်လီကိုယ်တိုင်ပင်လျှင်တောတွင်းဗိုလ်ကြီး တစ်ဦးဖြစ်နိုင်ကြောင်း ညွှန်ပြခဲ့၏။ ဗာဂီးရားဆိုလိုသောပန်းနီနီကား လူတို့အသုံးပြုသော မီးပင်ဖြစ်၍ထိုမီးတောက်မီးလျှံကို တိရစ္ဆာန်တို့မြင်က အသံတုန်အောင်ကြောက်ရွံ့ကြသောကြောင့် ထိုမီးတောက်ကိုကိုင်ဆောင်
နိုင်လျှင် တောတွင်းဗိုလ်ကြီး ရာထူးကို ဆွတ်ခူးနိုင်မည်မှာမလွဲချေ။ တစ်ညသ၌ တောတွင်းတိရစ္ဆာန် အပေါင်းသည် တောင်ကမူစွန်း၌စုရုံးစည်းဝေး နေကြစဉ် မော်ဂလီသည် နီးရာရွာတစ်ရွာသို့ ပြေးသွားကာ မီးခဲများကို ယူဆောင်လာခဲ့သည်။အစည်းအဝေးတွင် ဝံပုလွေများက လက်ရှိခေါင်းဆောင်ကြီးအာကေလာမှာ သားကောင်ကိုမဖမ်းနိုင်လောက်အောင်အိုမင်မစွမ်းရှိပြီ ဖြစ်သောကြောင့် ခေါင်းဆောင်ကြီး ရာထူး၌မထားနိုင်တော့ကြောင်းပြောဆိုကြ၏။ မော်ဂလီ လည်းမီးခဲများကိုထည့်၍ယူဆောင်လာသော မီးခဲအိုးကို ဒူးဖက်အကြားတွင်ထားကာ ဝံပုလွေများနှင့်အတူ ရောနှောလျက်ထိုင်လေသည်။ ကျားကြီးရှီးယားခန်လည်း မော်ဂလီကိုမြင်လျှင်မြင်ခြင်း မိမိ၏အစာလူသား မော်ဂလီအားပေးအပ်ရန် တောင်းဆိုပြန်၏။ ရှီးယားခန် သိမ်းသွင်းထားသော နောက်လိုက်ဝံပုလွေငယ်များ ကလည်း သူတို့၏သခင်ကြီးရှီးယားခန်လေသံအတိုင်းလိုက်၍ ဟစ်အော်ပြောဆိုကြပြီးသော် မော်ဂလီအား ရှီးယားခန်၏လက်ထဲသို့အရောက်အပ်နှံရန် ကြိုးစားကြသည်။ ဤတွင်မှ ဗာဂီးရား
သည် မော်ဂလီအား အစွမ်းပြရန် ချိန်တန်ပြီဟု သတိပေးလိုက်လေသည်။ မော်ဂလီလည်း အလျှံတပြောင်ပြောင်တောက်လောင်လျက်ရှိသော မီးကျီးမီးတောက်များ ထည့်ထားသည့် မီးခဲအိုးကိုလက်မှကိုင်ကာ ရုတ်တရက်မတ်တတ်ရပ်လိုက်ပြီးလျှင် ဝံပုလွေထုကြီးတစ်ရပ်လုံးအား ဤသို့ဆို၏။ ဝံပုလွေများက မိမိအား အမြဲသဖြင့် လူသားတစ်ယောက်အနေဖြင့် ဆက်ဆံနေကြသော်လည်း မိမိအဖို့မူ မခွဲခြားကြောင်း၊ အချို့ဝံပုလွေများသည် မိမိအပေါ် သစ္စာမတည်၊ ရှီးယားခန် နောက်လိုက်သူများ ဖြစ်နေကြချေပြီ။ထိုကြောင့် မိမိ၏အစွမ်းကို ပြရတော့မည်ဖြစ်ကြောင်း၊ ဝံပုလွေတို့ ကြောက်ရွံ့လှသော ပန်းနီနီကြီး မိမိ၌ ရှိနေပြီ။ ဝံပုလွေများသည် ခေါင်းဆောင်ကြီး အာကေလာအား ရန်သတ္တရုမပြုဘဲ သူ့အလိုအလျောက် အေးချမ်းစွာ နေထိုင်ခွင့်ကို ပေးကြရမည်ဖြစ်ကြောင်း၊ မိမိသည် လူသားများနေထိုင်ရာရွာသို့ ခေတ္တပြန်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ်စည်းဝေးပွဲတွင် ရန်သူကြီး ရှီးယားခန်၏သားရေကို
ခြုံကာ တက်ရောက်ပြမည်ဖြစ်ကြောင်း ပြောကြားလေသည်။ထိုနောက် မော်ဂလီသည် သူ့အားမွေးစားစောင့်ရှောက်ခဲ့သော ဝံပုလွေမကြီးနှင့်တကွ နို့စို့ဖက်ဝံပုလွေငယ်များကိုနှုတ်ဆက်ကာ ထွက်ခွာလာခဲ့၏။ ထိုကဲ့သို့ ခွဲခွာလာခဲ့ရာတွင် မော်ဂလီမှာဝမ်းနည်းလှသဖြင့် မျက်ရည်များပင် ကျဆင်းလေသည်။ တစ်ခါမျှ မျက်ရည်မကျခဲ့ဘူးသော မော်ဂလီအတွက်အထူးအဆန်းဖြစ်ကာ ထိုသို့မျက်ရည်ကျဆင်းခြင်းမှာ မိမိအတွက် အတိတ်ဆိုး၊ နိမိတ်ဆိုးပေလောဟု
တွေးတော ပူပန်မိလေသည်။
မော်ဂလီသည် လူတို့နေထိုင်ရာရွာသို့ ရောက်သောအခါများစွာ ဆာလောင်မွတ်သိပ်လှသဖြင့် လက်ဟန်ခြေဟန်ပြကာ အစားအစာကိုတောင်းလေသည်။ ရွာရှိဘုန်းတော်ကြီးကလည်း ရွာသားအပေါင်းတို့အား လူရိုင်းကလေးကို ပြုစုစောင့်ရှောက်ကြရန် တိုက်တွန်း၏။ ထိုအခါကြင်နာတတ်သော မိန်းမကြီးတစ်ဦးက ဒမော်ဂလီအားမွေးစားရန် ခေါ်ဆောင်သွားခဲ့ရာ အိမ်နှင့်ယာနှင့်မနေဘူးသောလူရိုင်းကလေးမော်ဂလီအဖို့ ထောင်ချောက်ထဲ၌ နေရသ
ကဲ့သို့ စိတ်ကျဉ်းမြောင်းသဖြင့် မပျော်ပိုက်နိုင် ဖြစ်ရရှာလေသည်။ မိန်းမကြီးသည် မော်ဂလီအား အခြား ရွာသားကလေးများနည်းတူ ကျွဲကျောင်းခိုင်း၏။ မော်ဂလီမှာ တောတွင်း၌သာ နေထိုင်ခဲ့သူဖြစ်သည့်အလျောက် ထိုရွာ၌နေထိုင်ရသည်ကို မပျော်ပိုက်နိုင်ဘဲ ရှိနေတော့သည်။
တစ်နေ့တွင် မော်ဂလီသည် ကျွဲအုပ်ကြီးကို ထိန်းကျောင်းယင်း တောတွင်း၌ငေးမှိုင်နေစဉ် မိမိနှင့်နို့စို့ဖက် ဝံပုလွေငယ် တစ်ကောင်ရောက်လာပြီးလျှင်၊ ရန်သူကျားကြီး ရှီးယားခန်သည် ယနေ့ညနေ ကျွဲများရွာသို့ပြန်သွင်းချိန်တွင် ရွာတံခါးဝမှစောင့်ဆိုင်း နေမည်ဖြစ်ကြောင်း၊သို့သော်လည်း ရှီး
ယားခန်မှာ အစာတွေကို အမြောက်အမြားစား ထားသည့်အတွက် လေးလံထိုင်းမှိုင်းလျက် ရှိမည်ဖြစ်ကြောင်း သတိပေးစကား ပြောကြားသွားလေသည်။
မော်ဂလီသည် ရန်သူကျားကြီးရှီးယားခန်အား နှိမ်နင်းသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီးလျှင် ထိုဝံပုလွေငယ်နှင့်ခေါင်းဆောင်ဟောင်းကြီး အာကေလာတို့၏ အကူအညီကိုယူ၍ကျွဲအုပ်ကြီးအား ၂စုခွဲလိုက်ပြီးသော် တစ်စုကို ရှီးယားခန်အဆီယစ်ကာအိပ်ပျော်နေသော လျှိုငယ်အောက်ပိုင်းသို့လည်း
ကောင်း၊ ကျန်တစ်စုကိုအထက်ပိုင်းသို့လည်းကောင်း၊ မောင်းနှင်လိုက်လေသည်။ ဤနည်းဖြင့် ကျားကြီးရှီးယားခန်ကိုဝဲယာ ၂ဖက်မှညှပ်ကာ တိုက်ခိုက်လေသည်။ ရှီးယားခန်သေပြီးသောအခါ မော်ဂလီသည် ကျားရေကိုခွာယူ၍ ဝံပုလွေများ၏ အကူအညီဖြင့် ကျွဲအုပ်ကို ရွာဖက်သို့မောင်း နှင်ခဲ့၏။ မော်ဂလီနှင့်အတူ ကျွဲကျောင်းထွက်ကြသော အဖေါ်များက မော်ဂလီသည် ကျားကြီးကို မည်ကဲ့သို့ရဲဝံ့စွာသတ်ခဲ့ပုံဝံပုလွေများကလည်း မည်ကဲ့သို့ရိုသေကြပုံတို့ကို ရွာသားတို့အား ပြန်ပြောပြကြသည်တွင် မော်ဂလီအား ကြောက်လန့်ကြသဖြင့် ရွာမှနှင်ထုတ်လိုက်ကြ၏။ မော်ဂလီလည်း ဝံပုလွေ
များထံသို့ ပြန်လာခဲ့၍ ကျားရေကြီးကို စည်းဝေးရာကျောက်ဆောင်ပေါ်၌ ခင်းပြီးလျှင် ဝံပုလွေများအား စည်းဝေးစုရုံးစေ၏။ ဝံပုလွေအပေါင်းတို့လည်း မော်ဂလီအားချီးကျူးကာခေါင်းဆောင်တင်မြှောက်ကြသည်။ သို့သော်မော်ဂလီသည်လူသားဖြစ်သည့်အလျောက် စဉ်းစားမြော်မြင်တတ်သည့်အ
တိုင်း မိမိအားခေါင်းဆောင်တင်မြှောက်ကြသော်လည်း လက်မခံလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝံပုလွေများမှာ ယခုအခါ အစားအစာငတ်မွတ်နေ၍သာ မိမိအားခေါင်းဆောင်တင်မြှောက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း၊ အစားအစာဝလင်စွာရရှိကြလျှင် မိမိအားပင်ရန်မူ ကြမည်ဖြစ်ကြောင်း
ပြောဆိုငြင်းပယ်လိုက်၏။ သို့ရာတွင် တောတွင်း၌ကြီးပြင်းလာသူ နို့စို့ဖက်ဝံပုလွေ ၄ ကောင်နှင့်အတူ တောထဲ၌ပျော်ပိုက်စွာ အသက်ထက်ဆုံး နေထိုင်လေသတည်း။