ကစ်ချနာအိပ်၊အိပ်(ခရစ် ၁၈၅ဝ-၁၉၁၆)

ကစ်ချနာအိပ်၊အိပ်(ခရစ် ၁၈၅ဝ-၁၉၁၆) ။             ။ ခါတွင်းစားလော့ကစ်ချနာ ဘွဲ့အမည်ရသည့် ဗြိတိသျှစစ်သူကြီးကားသေချာစွာ ကြိုတင်ပြင်ဆင်၍ နိုင်လောက်သည့်အခြေရောက်မှ ရန်သူကို တိုက်လေ့ရှိသူ ဖြစ်၏။ ထိုကြောင့် တိုက်ပွဲများတွင် အောင်မြင်သည်သာများခဲ့သဖြင့်၊ ဗြိတိသျှလူထုက
သူ့အား အောင်ပွဲများ စီစဉ်ပေးနိုင်သူ’ဟု ချီးကျူးကြလေသည်။
ဟိုရေးရှိုးဟားဗတ်ကစ်ချနာသည် စစ်သားမျိုးရိုးမှ ဆင်းသက်လာသူဖြစ်။ ဖခင်ဖြစ်သူမှာ ဒုဗိုလ်မှူးကြီးတစ်ဦးဖြစ်သည်။အင်္ဂလိပ်လူမျိုးပင်ဖြစ်သော်လည်း အိုင်ယာလန်ပြည်တွင် ၁၈၅ဝပြည့် ဇွန်လ ၂၄ရက်နေ့၌ ဖွားမြင်ခဲ့၏။ ၁၈၆၈ခုနှစ်၌ ဝူးလစ်မြို့ ဘုရင့်စစ်တက္ကသိုလ်တွင် စစ်ပညာသင်ယူခဲ့ပြီးနောက်၊ ဘုရင့်အင်ဂျင်နီယာတွင် စတင်အမှုထမ်းခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် ဒုဗိုလ် အဖြစ်ခန့်ထားခြင်းခံရသည်။ ထိုသို့ခန့်ထားခြင်းမခံရသေးမီက ပြင်သစ်
-ပရပ်ရှားစစ်ပွဲ၌ မိမိသဘောအလျောက် ပြင်သစ်ဖက်မှပါဝင်ကူညီတိုက်ခိုက်ခဲ့၏။ ထိုပြင် ဗြိတိသျှစစ်တပ်သို့ဝင်စကပါလက်စတိုင်းပြည်နှင့် စိုက်ပရပ်ကျွန်းတို့တွင် အမှုထမ်းဖူးလေသည်။
၁၈၈၂ ခုနှစ်မှ ၁၈၉၂ ခုနှစ်အထိ အီဂျစ်စစ်တပ်များကိုပြန်လည်ဖွဲ့စည်းရေးတွင် ကူညီဆောင်ရွက်ခဲ့သည်။ ၁၈၉၂ခုနှစ်တွင် အီဂျစ်စစ်တပ်များ၏ သေနာပတိဖြစ်လာပြီးသည့်နောက်တွင် ဗိုလ်မှူးချုပ်ဂေါ်ဒွန်တို့အား ခါတွမ်း၌ တပ်လုံးပြုတ်အောင်တိုက်ခိုက်ခဲ့သော မာဒီစော်ဘွား၏အဆက်
အနွယ် သူပုန်များကိုနှိမ်နင်းရန် သေချာစွာ အစီအစဉ်များပြုလုပ်ခဲ့သည်။ ၁၈၉၆ ခုနှစ်မှစ၍ ထိုသူပုန်များနှင့် တိုက်ခိုက်ခဲ့ရာ၊ အောင်ပွဲများ ဆက် ကာဆက်ကာရခဲ့၍ ၁၈၉၈ခု စက်တင်ဘာလတွင် ခါတွမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုကြောင့်ကစ်ချနာအား ဗြိတိသျှအစိုးရက ခါတွမ်း
စားဘွဲ့ဖြင့် ဗဲရွန်အဆင့်အတန်းပေးအပ်ချီးမြှင့်ခဲ့သည့်ပြင်ဆုတော်ငွေပေါင်း ၃ဝဝဝဝ ကိုလည်းပေးခဲ့၏။
၁၈၉၉ ခုနှစ်တွင် ဗိုးဝါးစစ်ပွဲဖြစ်ပွားသောအခါ ကစ်ချနာသေနာပတိလော့ရောဗတ်၏ဦးစီးချုပ်အဖြစ်ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရပြန်သည်။ လော့ကစ်ချနာ၏အချက်ကျကျနှင့် စေ့စပ်ကဒမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်မှုကြောင့်၊ ၁၉ဝဝ ပြည့်နှစ်ခန့်တွင် ဗိုးဝါးလူမျိုးတို့၏မြို့တော် ၂ မြို့လုံးကို ဗြိတိသျှတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ထိုနောက်မကြာမီ လော့ရောဗတ်၏ရာထူးကို ကစ်ချနာဆက်ခံရလေသည်။ ဆိုခဲ့သည့်အတိုင်း ဗိုးဝါးတို့၏ မြို့တော်များကိုသိမ်းပိုက် နိုင်ခဲ့သော်လည်း ဗိုးဝါးတို့သည် ပြောက်ကျားစံနစ်ဖြင့် ဆက်လက် ခုခံနေလျက်ပင်ရှိသေး၍၊ ထိုစစ်ပွဲများကိုအောင်မြင်စွာဆုံးခန်းတိုင် တိုက်ခိုက်ရန်မှာ ကစ်ချနာအဖို့ကြီးလေးသောတာဝန်ကြီး ဖြစ်လေသည်။ သို့သော် ကစ်ချနာသည် အထူးကြိုးစားပြီးလျှင် အရေးပါသောမြို့ကြီးများ၊ဒေသများကိုလည်းကောင်း၊ သယ်ယူပို့ဆောင်ရေးများကိုလည်းကောင်း၊ ဗိုးဝါးပြောက်ကျားတို့ ထိရောက်စွာ မနှောင့်ယှက်နိုင်အောင် အမျိုးမျိုးအဖုံဖုံ စီမံဆောင်ရွက်ခဲ့သည်။ ထိုကြောင့် ဗိုးဝါးတို့၏ပြောက်ကျားစံနစ်မှာ အရာမရောက်တော့ဘဲ၊ ၁၉ဝ၂ခုနှစ်တွင် ဗိုးဝါးစစ်ပွဲပြီးဆုံးသွားလေသည်။ ကစ်
ချနာသည် ဗိုင်းကောင့်အဆင့်အတန်းသို့တိုးမြှင့်ခြင်းခံရသည့်ပြင် ဆုတော် ငွေပေါင်း ၅ဝဝဝဝ ကိုလည်း ပေးသနားခြင်းခံခဲ့ရလေသည်။
ဗိုးဝါးစစ်ပွဲပြီးဆုံးသည့်နောက်မကြာမီပင်၊ လော့ကစ်ချနာမှာ အိန္ဒိယပြည်စစ်တပ်များ၏သေနာပတိအဖြစ် ခန့်ထားခြင်းခံရ၏။ ထိုရာထူးတွင် ၁၉ဝ၇ ခုနှစ်တိုင်ထမ်းရွက်ခဲ့၍ အိန္ဒိယပြည်စစ်တပ်များကို ပြုပြင်ဖွဲ့စည်းပေးခဲ့သည်။ထိုနောက် ရာထူးသက်တမ်းစေ့သည့်အခါ ဩစတြေးလီးယား၊နယူးဇီလန်စသော ဗြိတိသျှဒိုမီနီယန်နိုင်ငံများမှစစ်တပ်များကို လှည့်လည်ကြည့်ရှုခဲ့၍၊ ဒိုမီနီယန်နိုင်ငံများ၏ကာကွယ်ရေး အစီအစဉ်များကို ရေးဆွဲပေးခဲ့လေသည်။ ၁၉၁၁ခုနှစ်မှစ၍ ကိုင်ရိုမြို့တွင် ဗြိတိသျှအစိုးရ၏ကိုယ်စားလှယ်တော်အဖြစ် ၃ နှစ်မျှဆောင်ရွက်ရပြန်သည်။
၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ဖြစ်ပွားသောအခါ လော့ကစ်ချနာမှာ စစ်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရ၏။ စစ်ဝန်ကြီးအဖြစ် ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားမှာ သေးငယ်လှသည်မဟုတ်ပေ။ ထိုစဉ်ကဗြိတိသျှတို့၏ စစ်အင်အားမှာ များစွာချည့်နဲ့နေသေးရာ၊ ဂျာမန်ကဲ့သို့ အင်အားကောင်း၍ စစ်မှုကျွမ်းကျင်လှသောရန်သူမျိုးနှင့်ဖက်ပြိုင်နိုင်ရန် ကစ်ချနာမှာ အထူးကြိုးစားခဲ့ရ၏။ တိုင်းပြည်လူထုကလည်း ကစ်ချနာအပေါ်တွင် ကြည်ညိုလေးစားကြသည့်အလျောက် တိုက်ခိုက်ရန်အသင့်ရှိသည့် စစ်သည်တော်အင်အား ၁၆ဝဝဝဝမှ တပ်သား ၅ဝဝဝဝဝဝ ရှိအောင်ကစ်ချနာသည် အတိုက်အခံမရှိလှဘဲ နှစ်အနည်းငယ်အ တွင်းချဲ့ထွင်နိုင်ခဲ့လေသည်။
ရုရှအစိုးရနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် ၁၉၁၆ ခုဇွန်လ၅ ရက်နေ့တွင် ဟမ္ပရှိုင်ယာအမည်ရှိ ကရူဇာစစ်သင်္ဘောဖြင့်ပက်ထရိုဂရက်မြို့သို့ ထွက်ခွာခဲ့ရာ၊ ထိုနေ့ည ၈ နာရီခန့်အချိန်၌ အော့ကနီးကျွန်းစုအလွန်တွင် ဂျာမန်ရေမြှုပ်ဗုံးထိ၍သင်္ဘော နစ်မြုပ်သွားလေသည်။ သင်္ဘောပေါ်တွင်ပါသမျှ
လူများထဲမှ သင်္ဘောသား ၁၂ ယောက်သာ အသက်ရှင်၍လော့ကစ်ချနာ၏ အလောင်းကိုပင် ရှာမတွေ့ရတော့ချေ။                                                                          လော့ကစ်ချနာမှာ တစ်စုံတစ်ခုကို မဖြစ်မနေပြုလုပ်တတ်၍နက်နဲစွာချင့်ချိန် စဉ်းစားတတ်သူဖြစ်၏။ ထိုပြင် အလွန်စည်းကမ်းကြီးသူဖြစ်ရာ အချို့လက်အောက်ငယ်သားများကသူ့အားသဘောမကျကြပေ။ သို့သော် ကစ်ချနာသည်ထိုစည်းစနစ်များကို တသဝေမတိမ်းလိုက်နာခြင်းမှာ စစ်အောင်မြင်ရေးအကြောင်းတစ်ရပ်ပင် ဖြစ်သည်ဟု ယုံကြည်လေသည်။ ထိုသို့ စည်းကမ်းနှင့် အညီပြုတတ်သဖြင့်လည်းသူ၏ကြီးလေးလှသော စစ်မက်ရေးရာ တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။ ကစ်ချနာသည် သူ့အားပေးအပ်သမျှသော တာဝန်ဝတ္တရားများကိုပြီးပြတ်အောင်မြင်စွာ ဆောင်ရွက်မြဲဖြစ်လေသည်။

Leave a Reply

Your email address will not be published. Required fields are marked *