ကိုင်ရိုမြို့

ကိုင်ရိုမြို့။                ။ကိုင်ရိုမြို့သည် ခေတ်သစ်အီဂျစ်နိုင်ငံ၏ မြို့တော်ဖြစ်၍ အာဖရိကတိုက်တွင် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည်။ နိုင်းမြစ်၏အရှေ့ဘက်ကမ်း မြစ်ဝကျွန်းပေါ်ဒေသထိပ်ခွဆုံ၏အထက် ၈ မိုင်အကွာတွင် တည်ရှိသည်။ အယ်လက်ဇန္ဒြီးယားမြို့မှ အရှေ့တောင်ဘက်သို့ မိုင် ၁၃ဝ ကွာဝေး၍စူးအက်မြို့မှ အနောက်ဘက်သို့မိုင် ၈ဝ ခန့်ကွာဝေးသည်။အာဖရိကတိုက်တွင် အကျယ်ပြန့်ဆုံးမြို့ဖြစ်၍ နိုင်းမြစ်အရှေ့ဘက်ကမ်းတွင် ၅မိုင်ခန့်ရှည်လျားစွာတည်ရှိသည်။ မြို့တစ်ပိုင်းမှာ နိုင်းမြစ်ဝှမ်း၏ နုံးတင်မြေနုကွင်းပြင်ပေါ်တွင် ကျရောက်နေ၍ တစ်ပိုင်းမှာ မိုကက်တမ် ထုံးကျောက်တောင်များ၏ဆင်ခြေလျှောပေါ်တွင် ကျရောက်နေသည်။
အလယ်ခေတ်အတွင်းက ကိုင်ရိုမြို့သည် ထင်ရှားခဲ့၏။၇ရာစုနှစ်အတွင်းက အာရပ်လူမျိုးတို့ အီဂျစ်နိုင်ငံကို တိုက်ခိုက်အောင်မြင်သောအခါ၊ မွတ်စလင်ဗိုလ်ချုပ်သည် သူ၏ခံတပ်အနီး နိုင်းမြစ်ကမ်းပါးတစ်နေရာတွင် မြို့တစ်မြို့တည်ဆောက်၍အယ်-ဖော့စတတ်မြို့ဟု အမည်ပေးခဲ့၏။ ၁ဝ ရာစုနှစ်သို့ ရောက်သောအခါ ဖက်တီမိုက်ဘုရင်များက မြို့ကိုသိမ်းပိုက်ပြီးနောက် အရှေ့မြောက်ဘက်သို့ အနည်းငယ်တိုးချဲ့ပြီးလျှင် အယ်-ကဟီးရား (စစ်နိုင်မြို့) ဟူသောအမည်သစ်ဖြင့် မြို့သစ်တည်ခဲ့ပြန်၏။ ထိုနေရာမှာ ယခုခေတ်သစ်ကိုင်ရိုမြို့နေရာပင်ဖြစ်လေသည်။
ရှေးခေတ်အီဂျစ် လူမျိုးတို့၏ လက်ရာဖြစ်သောရှေးဟောင်းအဆောက်အအုံများစွာကို ကိုင်ရိုမြို့တွင် တွေ့ရသည်။ မြို့တံခါးများ၊ ပြတိုက်၊ ရဲတိုက်နှင့် မျှော်စင်ကြီးများ၊ပလီကြီးများမှာ မြို့၏ကျက်သရေဆောင်များ ဖြစ်ကြ၏။ထိုပြင် အီဂျစ်ဘုရင်ဟောင်းများ၏ သင်းချိုင်းရာများဖြစ်
သော ပိရမစ်အဆောက်အအုံများကို မြို့အပြင်ဖက်တွင် တွေ့ရသည်။ကိုင်ရိုမြို့ထင်ရှားသောအဆောက်အအုံများတွင် အယ်အက်ဇဟာပလီနှင့် တက္ကသိုလ်လည်းပါဝင်သည်။မြို့၏ခေတ်မှီ ရပ်ကွက်သစ်များတွင် ခေတ်သစ်အဆောက်အအုံများနှင့် လမ်းမကြီးများကို တွေ့နိုင်သည်။ ကိုင်ရိုမြို့ကို
တဖြည်းဖြည်းချဲ့ထွင်လာရာ၊ ယခုအခါ နိုင်းမြစ်လယ်ရှိ ဂျဇီးရာကျွန်းနှင့် ကိုင်ရိုမြို့ ဗဟိုရပ်ကွက်များကို တံတားကြီးဖြင့်ပင် ဆက်သွယ် ထားရှိလေပြီ။ မြစ်အနောက်ဘက်ကမ်းတွင်ကားပိရမစ်အဆောက်အအုံများရှိသော ဂီးဇာမြို့ တည်ရှိလေသည်။
ကိုင်ရိုမြို့သည် ဥရောပတိုက်နှင့်အရှေ့တိုင်းပြည်များ၏ဗဟိုတွင်တည်ရှိ၍ ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသောမြို့ဖြစ်သည်။ အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသအတွက်ကား ကုန်သွယ်ရေးအချက်အချာသဖွယ် ဖြစ်လေသည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင်
စက်မှုလက်မှုလုပ်ငန်းများ အထူးတိုးတက်ခဲ့၏။
ထိုမြို့တွင်နေထိုင်သူများမှာ အများအားဖြင့် အာရပ်လူမျိုး များသို့မဟုတ် အာရပ်တို့နှင့် သွေးစပ်သောလူမျိုးများ ဖြစ်၏။ အခြားလူမျိုးများမှာ ဂရိ၊ အီတာလျံ၊ ဗြိတိသျှ၊ပြင်သစ်၊ တူရကီနှင့် ဆီးရီးယန်းလူမျိုးများ ဖြစ်ကြသည်။မြို့၏လူဦးရေမှာ ၁၉၄၇ ခုနှစ်သန်းခေါင်စာရင်းအရ၂၁ဝဝ၅ဝ၆ ယောက် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *