ကောင်းတုံမြို့ ။ ။ဗန်းမော်ခရိုင်၊ ရွှေဂူမြို့နယ်တွင် ပါဝင်သော မြို့ဖြစ်သည်။ကောင်းတုံမြို့သည် မန္တလေးမြို့မှ ၂၆၃ မိုင်၊ ဗန်းမော်မြို့မှ ၁၂ မိုင်မျှ ဝေးကွာသော ဧရာဝတီမြစ် လက်ဝဲဘက်ကမ်းပေါ်တွင်တည်ရှိသည်။
ယခုအခါ ကောင်းတုံ မြို့သည် ထင်ပေါ်ကျော်စောသောမြို့မဟုတ်သော်လည်း ရှေးအခါက ကုန်းလမ်းကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ဖွံ့ဖြိုးခဲ့သည်။ ဤမြို့မှနေ၍ ကုန်းလမ်းခရီးဖြင့် တရုတ်နိုင်ငံသို့လည်းကောင်း၊ ရေလမ်းခရီးဖြင့်ရန်ကုန်မြို့သို့လည်းကောင်း၊ ကူးလူးဆက်ဆံနိုင်ခဲ့သည်။ အ
ထူးသဖြင့် ၁၇ ရာစုနှစ်နောက်ပိုင်းတွင် ဗန်းမော်မြို့၌ ဒပ်ချလူမျိုးနှင့် အင်္ဂလိပ်လူမျိုးတို့၏ အလုပ်ရုံကြီးများ ဖွင့်လှစ်လုပ်ဆောင်သောအချိန်များတွင် ပိုမိုစည်ကား၍ လာခဲ့သည်။ရှေးမြန်မာနိုင်ငံ ရေလမ်းကုန်စည်ရောင်းဝယ်ဖောက်ကားမှုနှင့်စပ်လျဉ်း၍ ဒအထက်ကောင်းတုံ၊ အောက်ရန်ကုန်နှင့် စုန်ဆန်
ထက်အောက် ဟုပြောဆိုရေးသားလေ့ရှိသည်။ ရှေးမြန်မာမင်းများလက်ထက်က ရွှေဂူမြို့ဝန်မှာ ကောင်းတုံမြို့နှင့်စာဝတီးမြို့ ၂ မြို့ကို အုပ်ချုပ်ရလေ
သည်။ရှေးအခါက ကောင်းတုံမြို့နယ်တွင် တောလက်ကျေးရွာ၄၀ ခန့်ပါဝင်သည်။ ထိုကျေးရွာများမှာ ဧရာဝတီ မြစ်သို့ဒုတိယမြစ်ကျဉ်းအထက်အနီး
တွင်စီးဝင်သော စင်းခန်းချောင်းကမ်းပေါ်တွင် တည်ရှိကြသည်။ ဆင်ဖြူရှင်မင်း လက်ထက်ခရစ် ၁၇၆၅ ခုနှစ်မှ ၁၇၆၉ ခုနှစ်အထိ (မြန်မာ သက္ကရာဇ်၁၁၂၇ ခုနှစ်မှ ၁၁၃ဝ ပြည့်နှစ်အထိ) ၄ ကြိမ်တိုင်တိုင် တရုတ်နှင့် မြန်မာ တို့စစ်ဖြစ်ကြရာကောင်းတုံမြို့နေရာတွင် တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ နောက်ဆုံး တရုတ်မြန်မာ စစ်ပြေငြိမ်းရေးစာချုပ်ကို ကောင်းတုံ မြို့မှာပင် ချုပ်ဆို ရေးထိုးခဲ့ကြသည်။ စစ်ပွဲပြီးဆုံး၍ မြန်မာတပ်များထွက်ခွါခါနီး ဗိုလ်ချုပ်ဝန်ကြီးမဟာသီဟသူ ကြီးမှူး၍ စစ်ပြေငြိမ်းသည့်အထိမ်းအမှတ်နှင့် စေတီ တစ်ဆူတည်ထားခဲ့သည်။ ထိုစစ်ပွဲများ ပြီးဆုံးသွားပြီးနောက် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုတိုးတက်လာသည်။ ကောင်းတုံမှ ရွှေလီ၊ မိုင်းမောလမ်းစဉ်တို့ဖြင့် တရုတ်နိုင်ငံသို့ပေါက်ရောက်နိုင်ရကား ကောင်းတုံမှာ ဖောက်ကားရောင်းဝယ်မှု ဗဟိုစခန်းအဖြစ် ဗန်းမော်မြို့နှင့်ပင် အပြိုင်အဆိုင်ဖြစ်လာခဲ့ဘူးသည်။ ကောင်းတုံမှာ ယခုအခါ ကချင်ပြည်နယ်တွင်ပါဝင်၍လူဦးရေ ၃ဝဝ ခန့်မျှနေထိုင်သည့် ကျေးရွာမျှ ဖြစ်နေတော့သည်။ ငါးဖမ်းခြင်းနှင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြသူပေါများသည်။ ဆောင်းရာသီ၌ မုရင်းစပါးများကို စိုက်ပျိုးကြသည်။ တောင်ပေါ်ကုန်နှင့် မြေလတ်ကုန်များကို လဲလှယ်ရောင်းချပေးလေ့ရှိသော ကုန်သည်များကိုလည်း တွေ့နိုင်ပေသည်။