ကင်းစလေစီ (ခရစ် ၁၈၁၉-၁၈၇၅)

ကင်းစလေစီ (ခရစ် ၁၈၁၉-၁၈၇၅)။                ။တစ်သက်လုံး ဘုန်းကြီးဘဝတွင် နေထိုင်ခဲ့သူတယောက်သည် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ထက်သန်စွာ ဆောင်ရွက်သောစာရေးဆရာကြီးတစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့သည်ဆိုလျှင်အံ့ဩကောင်းအံ့ ဩကြပေမည်။ ထိုသူကားအခြားမဟုတ်။အင်္ဂလိပ် စာပေလောကတွင် ထင်ရှားခဲ့သော စာရေးဆရာကြီး ချားကင်းစလေပင် ဖြစ်ပေသည်။

ကင်းစလေသည် ၁၈၁၉ ခုနှစ်တွင် အင်္ဂလန်ပြည် ဒက်ဗွန်ရှိုင်ယာနယ်၌ဖွားမြင်၏။ သူ၏ ဖခင်မှာ ရေဖျန်းဂိုဏ်းဝင်ဘုန်းကြီးတစ်ပါးဖြစ်သည်။ လန်ဒန်မြို့ ဘုရင့်ကောလိပ်ကျောင်းတွင် ပညာသင်ကြားပြီးနောက် ကင်းဗရစ်တက္ကသိုလ် မောဒလင်ကောလိပ် ကျောင်းတွင် ဆက်လက်၍တက္ကသိုလ်ပညာရပ်များကို ဆည်းပူးခဲ့ရာ၊ ၁၈၂၄ ခုနှစ်တွင်ပထမတန်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။

ကင်းစလေသည်တက္ကသိုလ်မှ ထွက်ပြီးနောက်ဟမ္ပရှိုင်ယာနယ် အဲဗားဇလီရွာတွင် သင်းထောက်ဆရာ ရာထူးကိုပေးအပ်ခြင်းခံရ၏။ ထိုနောက် များမကြာမီပင် သင်းအုပ်ဆရာအဆင့်အတန်းသို့ တိုးမြှင့်ပေးခြင်းခံရပြန်သည်။ ကင်းစလေသည် ထိုရာထူးတွင် ကွယ်လွန်သည် အထိစွဲမြဲစွာလုပ်ကိုင်သွားလေသည်။

ကင်းစလေသည် ဘုန်းကြီးဖြစ်လင့်ကစား အဖက်ဖက်ကစုံလင်သော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ သူသည် ပြုပြင်ပြောင်းလဲရေးသမားလည်းဖြစ်၍ စာရေးဆရာ၊ ကဗျာစာဆိုလည်း မှန်ပေသည်။ ထိုမျှမကသေး ကင်းစလေသည်ကိမ်းဗရစ်တက္ကသိုလ်တွင် ခေတ်သစ် နိုင်ငံသမိုင်း ပါမောက္ခ
အဖြစ်ဖြင့်လည်း ၉ နှစ်တိုင်တိုင် ဆောင်ရွက်ခဲ့ဘူးသည်။

စာရေးဆရာကြီး ကင်းစလေသည် လူမှုရေးရာနှင့် စီးပွားရေးကိစ္စအဝဝတို့၌ စိတ်ပါဝင်စားသူ ဖြစ်ရကား၊ သူ၏အယူဝါဒရေးဆိုင်ရာ ရာထူးကို ဂရုမထားဘဲ၊ ဆင်းရဲသားလူထုအကျိုးအတွက် ပြုပြင်ပြောင်းလဲရန် သင့်သည်ဟူသော သူ၏ထင်မြင်ချက်များကို စာအုပ်စာတမ်းများရေးသားခြင်း၊ ပြုပြင်ပြောင်းလဲရေး တရားများဟောပြောခြင်းစသော လုပ်ငန်းများဖြင့် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည်။ သူသည် ခရစ်ယန်ဆိုရှယ်လစ် အသင်းကြီး၌လည်းပါဝင်ခဲ့သည်။ ထိုအသင်းမှာ ထိုခေတ်အခါက အင်္ဂလန်ပြည်တွင် ပေါ်ပေါက်လျက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာပြဿနာ အရပ်ရပ်တို့ကို ဖြေရှင်းရန် အလို့ငှာ ဖွဲ့စည်းထားသော အသင်းကြီးဖြစ်သည်။

၁၈၄၈ ခုနှစ်တွင်ပုံနှိပ် ထုတ်ဝေသော “တဆေး” အမည်ရှိဝတ္ထုမှာ ကင်းစလေ၏ ပွဲဦးထွက် ဝတ္ထုဖြစ်သည်။ ထိုဝတ္ထုမှာများစွာအဆင့်အတန်းမမြင့်လှသော်လည်း ထိုဝတ္ထုတွင်ကင်းစလေ၏ ပြုပြင် ပြောင်းလဲရေး သဘောတရားများကိုတွေ့ရှိနိုင်သည်။ ဝက်စဝပ်ဟိုး´ ဝတ္ထုမှာ အယ်လစ်ဇဗက်
ဘုရင်မကြီးလက်ထက် စွန့်စားမှုများ အကြောင်းကို သရုပ်ဖေါ်ထားသော ရာဇဝင်ဝတ္ထုကြီးဖြစ်၍ ကင်းစလေ၏အကောင်းဆုံးလက်ရာဟု ဆိုရပေမည်။

ကင်းစလေသည် ဝတ္ထု၊ ကဗျာအမြောက်အမြားကို ရေးသားခဲ့ပြီးနောက် ၁၈၇၅ ခုနှစ် အသက် ၅၆ နှစ်အရွယ်တွင်ကွယ်လွန် အနိစ္စရောက်လေသည်။ သူရေးသားပြုစုခဲ့သောဝတ္ထုများအနက် ကလေးသူငယ်များအတွက် ရေးသားခဲ့သော ‘ရေပျော် ကလေးများ” ဝတ္ထုမှာ ကလေးသူငယ်များအထူးပင်နှစ်သက်ကြသော ပုံပြင်ဝတ္ထုဖြစ်ပေသည်။

 တွမ်နှင့် အယ်လီ-ရေပျော်ကလေးများ

ရှေးသရောအခါ တွမ်အမည်ရှိ သူငယ်ကလေးတစ်ယောက်ရှိသတတ်။ ထိုသူငယ်ကလေးသည် မိဘမရှိဆင်းရဲလှသဖြင့် တစ်အိမ်ဝင်တစ်အိမ်ထွက် မီးခိုးခေါင်တိုင်မှကျပ်ခိုးများကို တက်၍ရှင်းလင်းပေးခြင်းဖြင့် အသက်မွေးရရှာသည်။တွမ်ကလေးကို အုပ်ထိန်းသူမှာ မစ္စတာဂရိုင်းအမည်ရှိ လူ
ကြီး တစ်ယောက်ဖြစ်၏။ ထိုလူကြီးမှာတွမ်နှင့် ဆွေမျိုးတော်သူ မဟုတ်ချေ။ တွမ်၏ သခင်သာဖြစ်၏။ ထိုကြောင့်တွမ်မှာ သခင်ခိုင်းစေသမျှကို လုပ်ပေးရရှာသည်။ သူ၏သခင်ကလည်း သူ့အပေါ် ရက်စက်ကြမ်းကြုတ်လှသည်။တစ်နေ့သ၌ တွမ်နှင့်မစ္စတာဂရိုင်းတို့သည် ကျပ်ခိုးသုတ်ရာမှပြန်လာကြစဉ် တောင်ခြေရင်း တစ်ခုအနီးသို့ ရောက်သောအခါ မစ္စတာဂရိုင်းသည် ချောင်းငယ်ကလေးတခုထဲသို့ဆင်း၍ ပေကျံနေသောကျပ်ခိုးများ စင်ကြယ်စေရန် ရေချိုးလေသည်။တွမ်ကလေးသည်လည်း ရေချိုးချင်ရှာသည်။ သို့ရာတွင် အကြင်နာကင်းမဲ့သော သူ၏သခင်က “မင်းရေမချိုးရဘူး´ဟု တားမြစ်ရုံမျှမက ရိုက်နှက်လိုက်သေးသည်။ထိုအချိန်၌ အနီးအနားတွင် အမယ်အိုတစ်ယောက်လည်းရှိသေးသည်။ ထိုသို့နှိပ်စက်နေသည်ကို အမယ်အိုမြင်သောအခါ ‘ဟေ့တော်ကွဲ့၊ ရေချိုးချင်တဲ့လူဟာ ရေချိုးရမှပေါ့”ဟု ဆိုပြီးလျှင် ရုတ်တရက်ပျောက်ကွယ်သွားသည်။

တစ်နေ့သော်တွမ် ကလေးသည်အိမ်ခေါင်းတိုင်တစ်ခုကိုတက်၍ ကျပ်ခိုးရှင်းရ၏။ သို့သော် ပြန်ဆင်းလာသောအခါအခြားခေါင်းတိုင်တစ်ခုမှဆင်းလာမိသဖြင့် အခန်းတစ်ခုထဲသို့ရောက်သွားရာ ထိုအခန်းထဲတွင် အလွန်လှပသောသူငယ်မလေး တစ်ယောက် အိပ်ပျော်နေသည်ကို တွေ့ရလေသည်။ ထို သူငယ်မလေး၏အမည်မှာ အယ်လီဖြစ်၏။တွမ်သည် မှန် ကြီးတစ်ခုတွင် ပေါ်နေသော သူ၏ ရုပ်ပုံကိုရုတ်တရတ် မြင်ရသောအခါ‘အောင်မယ်လေး သူရဲကြီး’ဟူ၍ လန့်ဖျပ်အော်ဟစ်မိ၏။ထိုနောက်မှ ကျပ်ခိုးတွေပေနေသော သူ၏ ရုပ်ပုံသာဖြစ်ကြောင်း သိရှိသောအခါတွမ်ကလေးသည် ဝမ်းနည်းလှသ
ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ထိုငိုသံကြောင့် အိပ်ပျော်နေသောသူငယ်မလေးသည် နိုးလာပြီးသော် သူရုပ်သွင်ကိုမြင်ရသောအခါ အသံကုန်ဟစ်အော်လိုက်မိလေသည်။ ထိုအခါ တွမ်ကလေးသည်လွန် ကြောက်လန့်တုန်လှုပ်၍ပြတင်းပေါက်တစ်ခုမှအပြင်သို့ကပျာကရာ ခုန်ထွက်ပြီးနောက် ခြေဦးတည့်ရာသို့ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် တအားပြေးသွားလေတော့သည်။
တွမ်ကလေးသည် လယ်ကွင်းပြင်များနှင့် တောအုပ် တောတန်းများကို ဖြတ်သန်းကာပြေးလာခဲ့ရာ၊ နောက်ဆုံးမောလှသဖြင့် ရပ်လိုက်သောအခါ အမယ်အိုကြီးတစ်ယောက်နေသော တဲကလေးတစ်ခုသို့ ရောက်နေသည်ကိုတွေ့ရ၏။တွမ်ကလေးအား အိမ်ရှင်အမယ်အိုကြီးက ကျွေးမွေးစောင့်
ရှောက်ထား၏။ တွမ်သည် အိပ်ပျော်နေစဉ် အယ်လီကလေးသည် သူ့ထံသို့လာ၍ ရေချိုးသွားလေ´ဟု ပြောလေရာအမယ်အိုကြီးကလည်း ‘ရေချိုးချင်တဲ့လူဟာ ချိုးရမှပေါ့ကွဲ့”ဟုပြောကြောင်း အိပ်မက် မြင်မက်၏။ ထိုအခါ သူ၏ ပါးစပ်မှလည်း အင်း ဟုတ်တယ် ငါရေချိုးမယ်” ဟု အော်လိုက်၏။ ထိုသို့အော်လိုက်လျှင် အော်လိုက်ခြင်းပင် သူသည်ချောင်းကမ်းဘေး တစ်ခုပေါ်သို့ ရောက်နေသည်ကိုတွေ့ရ၏။တွမ်သည် အဝတ်များကို ချွတ်လိုက်ပြီးလျှင် ရေထဲသို့ဆင်းသွားလေသည်။
အမယ်အိုကြီးကလည်း ချောင်းထဲသို့ဆင်းလိုက်လာ၏။ထိုအခါချောင်းစောင့်နတ်သမီးများသည် အမယ်အိုကြီးကိုလာရောက်ခရီးဦးကြို ပြုကြ၏။ အကြောင်းကား ထိုအမယ်အိုကြီးမှာ ချောင်းစောင့်နတ်သမီးတို့၏ ဘုရင်မကြီးဖြစ်သောကြောင့်တည်း။       အမယ်အိုကြီးက နတ်သမီး ကလေးများအားတွမ်၏အကြောင်းကိုပြောပြလိုက်သောအခါ သူတို့သည် တွမ်အားခေါ်ဆောင် သွားပြီးလျှင်အိပ်ပျော်အောင် ပြုလုပ်၍အိပ်ပျော်နေစဉ် မွေးခါစ ရေ
ပျော် ကလေးအဖြစ်သို့ ဖန်ဆင်းလိုက်ကြလေသည်။

တွမ်ကလေးသည် ရေထဲ၌သူနှင့် တူသောကလေးများကိုတွေ့ရသဖြင့် မိတ်ဖွဲ့ကစားရင်း ပျော်ပိုက်နေ၏။ အယ်လီက လေးကိုလည်း တွေ့ရ၏။တစ်နေ့သ၌ အယ်လီကလေးသည် တွမ်ကို လိုက်ဖမ်းစဉ် ကျောက်တုံးပေါ်မှချော်ကျ၍ အနာတရ ဖြစ်သွားသဖြင့် နတ်သမီးများက အိမ်သို့ပြန်ပို့လိုက်၏။

တွမ်ကလေးမှာ သူများကို ကျီစား တတ်သောဝါသနာရှိ၏။ သို့ဖြစ်၍ ဒေါ်စာနာအမည်ရှိ မိန်းမကြီးက သူ့ကို ဤသို့သူတစ်ပါးအား မကျီစားရန်သတိပေး၏။ သို့သော်သူတစ်ပါးကို ကျီစားလွန်းသဖြင့် တွမ်၏ကိုယ်တွင် ဆူးများပေါက်လာရာ သူ့ကို မည်သူမျှ မကိုင်ဝံ့ကြချေ။ထိုဆူးများ ပျောက်သွားစေရန် အယ်လီကလေးက တွမ်အား လိမ်မာအောင်သင်ပြပေးရ၏။ အယ်လီသည် သူ့ကို တနင်္ဂနွေနေ့မှတစ်ပါး နေ့စဉ်သင်ပြပေး၏။ တနင်္ဂနွေနေ့တွင်မူ အယ်လီသည် ပျောက်နေသဖြင့် တွမ်သည်စိတ်ညစ်ရလေသည်။

နောက်ဆုံး၌ တွမ်သည် မနေနိုင်တော့ဘဲ ဖွင့်ပြီး မေးလိုက်သောအခါ အယ်လီက မင်းငါသွားတဲ့နေရာကို လိုက်ချင်ယင်၊အလျင်ဆုံး မင်းမသွားချင်တဲ့နေရာကို သွားရမယ်၊ မလုပ်ချင်တာကိုလုပ်ရမယ်၊ ပြီးတော့ မကူညီချင်တဲ့လူကို ကူညီရမယ်ဟု ပြောလိုက်၏။

နောက်ဆုံး၌ တွမ်သည် အယ်လီ၏ ပြောစကား အတိုင်းလိုက်နာပါမည်ဟုကတိပေးပြီးနောက် ထွက်ခွာလာခဲ့ရာမီးခိုးခေါင်းတိုင်ထဲ၌ ဂရိုင်းညပ်နေသော အိမ်တစ်အိမ်သို့ရောက်လာခဲ့၏။ တွမ်သည် အားကုန်ငိုချလိုက်သောအခါမျက်ရည်များသည် ခေါင်းတိုင်ထဲသို့ အရှိန်ပြင်းစွာစီးဆင်းရာမှ အင်္ဂတေများကွာကျပြီးလျှင် ခေါင်းတိုင်ကြီး ယိုင်လဲသွားလေသည်။ လူယုတ်မာကြီး ဂရိုင်းလည်း လွတ်မြောက်ခဲ့ရလေသည်။ ထိုနောက် တွမ်ကလေးသည် ရေပျော်ကလေးများရှိရာသို့ ပြန်သွားပြီးလျှင် အယ်လီကလေးနှင့်အတူပျော်ရွှင်စွာ နေထိုင်လေတော့သည်။

Leave a Reply

Your email address will not be published. Required fields are marked *