ကင်းစဖို့စမစ်ယစီ၊အီ(ခရစ် ၁၈၉၇-၁၉၃၅)။ ။ ပထမကမ္ဘာစစ်ပြီးသည့်နောက် ကမ္ဘာပေါ်၌ထင်ရှားခဲ့ကြသောလေကြောင်း သူရဲများတွင် ဩစတြေးလီးယား တိုက်သားဆာလျားအက်ဒွပ် ကင်းစဖို့စမစ်သည်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ကင်းစဖို့စမစ်သည် ၁၈၉၇ ခုနှစ်တွင်
ဗရဇ္ဇဗိန်း မြို့၌ဖွားမြင်၍ ပထမကမ္ဘာစစ်အတွင်းကထူးချွန်စွာအမှုထမ်းခဲ့သည်။ စစ်ပြီးသောအခါ မြို့ပြလေကြောင်းဖက်တွင် ဆက်လက် လုပ်ကိုင်သည်။ ၁၉၂၇ ခုနှစ်တွင် ဩစတြေးလီးယားတိုက်ကို ပတ်၍ ပျံသန်းခဲ့ရာမှ ထင်ရှားကျော်ကြားလာသည်။ ၁၉၂၈ ခုနှစ်၌ အဖေါ် ၃ ဦးနှင့်အတူအမေရိကန်ပြည်ထောင်စုမှ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်၍ ဩစတြေးလီးယား တိုက်သို့ ပျံသန်းခဲ့ရာ ကမ္ဘာနှံ့အောင်ကျော်ကြားသွားလေသည်။ ထိုနောက် သူ၏ စွန့်စားပျံသန်းမှုများသည် ကမ္ဘာ့စံချိန်အဖြစ် မှတ်တမ်းတင်ခြင်း ခံရလောက်အောင် ထူးချွန်အောင်မြင်ခဲ့သည်။ ထိုသို့ ထူးချွန် အောင်မြင်မှုများကြောင့် ၁၉၃၂ ခုနှစ်တွင် ဆာဘွဲ့ကိုရရှိခဲ့၏။
ဆာကင်း စဖို့စမစ်ထွင်ခဲ့သော စံချိန်များမှာ ဩစတြေးလီးယားမှ အင်္ဂလန်သို့ပျံသန်းခြင်း၊ အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်၍ ပျံသန်းခြင်း၊ အမေရိကန်ပြည်ထောင်စုသို့ ပစိဖိတ်ကိုဖြတ်၍ပျံခြင်း စသည်တို့ဖြစ်၏။ ဆာဘွဲ့ရရှိပြီးနောက် ဩစတြေးလီးယန်း ဘုရင့်လေတပ်မတော်တွင် ဂုဏ်ထူးဆောင်
ဗိုလ်မှူးချုပ် အဆင့်အတန်း အပ်နှင်းခြင်းခံရသည်။ ယင်းသို့လေကြောင်း ပျံသန်းရာ၌ အရည် အခြင်းနှင့် ပြည့်စုံသောကင်းစဖို့စမစ်သည် ၁၉၃၅ ခုနှစ်တွင် ဝိုင်ယာလက်မပါသောစက်ခေါင်းတစ်လုံးတပ် လေယာဉ်ပျံကလေးဖြင့်ပိုမိုလျင်မြန်စွာ ပျံသန်းရာ ဘင်္ဂလားပင်လယ်အော်အတွင်း၌လေယာဉ်ပျံပျက်ကျ၍ အနိစ္စရောက်သွားလေသည်။