ကင်မရာ

ကင်မရာ ။    ။နေသာလျက်ရှိစဉ်၊ အလုံပိတ်ထား၍မှောင်နေသောအခန်းတွင်းသို့ အပြင်မှအလင်းကို အပေါက်ငယ်တစ်ခုမှဖြတ်၍ ဝင်စေသောအခါ၊ ထိုအမှောင်ခန်း၏ အတွင်းဖက်ရှိနံရံပေါ်၌ အပြင်ဖက်ရှိအရာဝတ္ထုတို့၏ ပုံရိပ်များထင်နေပုံကို တွေ့မြင်ရပေမည်။ ဤအမှောင်ခန်းမျိုးကို ရိပ်ထင်မှောင်ခန်း (ကင်မရာ အော့စကျူးရား) ဟုခေါ်သည်။ ရိပ်ထင်မှောင်ခန်းကို ရှေးနှစ်ရာပေါင်းများစွာကပင် နေလကြတ်ပုံများကို ကြည့်ရှုလေ့လာရန်အတွက်အသုံး
ပြုခဲ့ကြသည်။ ဓါတ်ပုံ ရိုက်ကရိယာမှာ အဆိုပါအမှောင်ခန်းကိုအခြေပြု၍ ပြုလုပ်ထားသောကရိယာဖြစ်သဖြင့် ကင်မရာဟု ခေါ်တွင်ခြင်းဖြစ်သည်။

ရိုးရိုးကင်မရာတစ်ခုကို လက်တွေ့စမ်းသပ်ပြုလုပ်ကြည့်နိုင်ပေသည်။ အတွင်းအပြင်၂ဖက်စလုံးကို ဆေးမဲသုတ်ထားသောအလုံပိတ်သေတ္တာတစ်လုံးတွင် ထိပ်တဖက်၌အပေါက်ငယ်ဖောက်မည့်အစား မှန်ဘီလူးတစ်ခုကိုတပ်ထားပါ။ မှန်ဘီလူးတပ်ထားခြင်းဖြင့် အပေါက်ငယ်ဖောက်ရုံ ဖောက်ထားသည်
ထက် ပိုမိုပြတ်သား ကြည်လင်သော ပုံရိပ်များထင်နိုင်သည်။အခြားတစ်ဖက်တွင် စက္ကူဖြူဖြူပါးပါးတစ်ရွက်ကို ဖြစ်စေ၊မှန်နောက်တစ်ချပ်ကိုဖြစ်စေ ကပ်ထားပါ။ ထိုအခါ မှန်ဘီလူးရှေ့ရှိ ဝတ္ထုပစ္စည်းတို့၏ ပုံရိပ်များသည် စက္ကူဖြူ သို့မဟုတ်မှန်ချပ် ပေါ်၌ လာ၍ထင်သည်ကို တွေ့ရ လိမ့်မည်။ သို့သော်
ပုံရိပ်သည် ထက်အောက်ပြောင်းပြန်ဖြစ်၍နေသည်ကို တွေ့ရပေမည်။ ဤကဲ့သို့ဖြစ်ခြင်းမှာ မှန်ဘီလူးမှတစ်ဆင့် ဖြတ်သန်း၍ မှောင်ခန်းအတွင်းသို့ ဝင်ရောက်လာသော လင်းတန်းတို့သည် လမ်းဖြောင့်အတိုင်းသာ လာသောကြောင့်ဖြစ်သည်။

ဓာတ်ပုံရိုက်ကင်မရာ၌ ရိပ်ထင်မှောင်ခန်းထက် ထူးခြားသော အချက်တစ်ခုရှိ၏။ ထိုထူးခြားချက်မှာ ပုံရိပ်ကို ရိပ်ဖမ်းဖလင် (ရိပ်ဖမ်းကော်ပြား)၊ သို့မဟုတ် ရိပ်ဖမ်း ပလိတ်(ရိပ်ဖမ်းမှန်)တွင်း ကျရောက်စေခြင်းပင်ဖြစ်သည်။ ထိုကော်ပြား သို့မဟုတ် မှန်ချပ်များကို အလင်းမိလွယ်သောဓာတ်ပစ္စည်းများဖြင့် သုတ်လိမ်းစီမံထားသည်။ အလင်းမိလွယ်သော ဓာတ်ပစ္စည်းဆိုသည်မှာ အလင်းမိလျှင် ဓာတ်ပြောင်းလွယ်သော ပစ္စည်းကို ဆိုလိုသည်။ ဓာတ်ပုံရိုက်ပြီး၍
ဓာတ်ပုံပုံဖော်ဆေး၊ ပုံချုပ်ဆေး စသော အခြားဆေးရည်များဖြင့် ထပ်မံစိမ်ပေးသောအခါ၊ ပုံရိပ်သည်မပျောက်မပျက်နိုင်သော ရုပ်ပုံအဖြစ်ဖြင့် ထင်လာသည်။ သို့ရာတွင်ဤပုံရိပ်မှာ မူလဓာတ်ပုံရိုက်ယူထားသော အရာဝတ္ထုများနှင့်အလင်းအမှောင်အားဖြင့် ပြောင်းပြန်ဖြစ်၍နေ၏။ ပုံကူးစက္ကူပေါ်တွင် တစ်ဖန်ကူးယူကာ၊ ပုံဖော်ဆေးရည်၊ ပုံချုပ်ဆေးရည်များဖြင့် ထပ်မံစိမ်ပေးသောအခါမှ ကျွန်ုပ်တို့အလိုရှိသော ဓာတ်ပုံကိုရသည်။ ပုံရိပ်ပြတ်သားစွာထင်ခြင်း၊
မထင်ခြင်းမှာ ကင်မရာမှန်ဘီလူးနှင့်ဝတ္ထုပစ္စည်းတို့၏အကွာအဝေးပေါ်တွင် တည်သည်။ ထိုကြောင့် ဓာတ်ပုံရိုက်ကင်မရာတွင် ပုံရိပ်ပြတ်ပြတ်သားသားထင်နိုင်စေရန် မှန်ဘီလူးကို အနီးအဝေး လိုသလိုရွှေ့ယူချိန်ဆနိုင်အောင်ပြုလုပ်ထားရသည်။ ဓာတ်ပုံရိုက်ကင်မရာများတွင် သေတ္တာပုံ ကင်မရာမျိုးလည်းရှိ၍ ဗာဂျာအိမ်ပါသော ခေါက်ကင်မရာမျိုးလည်း ရှိပေသည်။

ဓာတ်ပုံရိုက်ကင်မရာများတွင် မြင်ကွင်းချိန် တပ်ဆင်ထားသည်ကိုတွေ့ရလိမ့်မည်။မြင်ကွင်းချိန်သည် ရိပ်ထင်မှောင်ခန်းအငယ်စားပင်ဖြစ်၍၊ အတွင်းဖက်၌ ကြေးမုံကဲ့သို့သောမှန်တစ်ချပ်ကို အလင်းလမ်းကြောင်းနှင့် ၄၅ံ ဒီဂရီဖြတ်၍တပ်ဆင် ထားသည်။ ထိုကဲ့သို့ တပ်ဆင်ထားခြင်းကြောင့်
ပုံရိပ်ကို အပေါ်ဖက်မှကြည့်၍မြင်နိုင်သည်။ ကတုတ်ကျင်းတိုက်ပွဲများနှင့် ရေငုပ်သင်္ဘောများတွင် အထူးအရေးပေး၍အားကိုးအသုံးပြုရသော ပယ်ရီစကုပ်မှန်ပြောင်းမှာလည်း ရိပ်ထင်မှောင်ခန်းပင်ဖြစ်၍၊ ထိုမှန်ပြောင်းတွင် ပုံရိပ်ကိုအောက်ဖက်သို့ အလင်းပြန်ဟပ်အောင် ပြုလုပ်ထားသည်။ ဓာတ်ပုံ
ရိုက်ကင်မရာတွင် မှန်ဘီလူးသည် အရေးအကြီးဆုံးဖြစ်သည့်အတိုင်း၊ မှန်ဘီလူး အကောင်း အညံ့ကိုလိုက်၍ကင်မရာအသီးသီး၏ တန်ဖိုးများ ခြားနားကြပေသည်။

Leave a Reply

Your email address will not be published. Required fields are marked *