ကက်ဒမန် (ခရစ် ၆၇၅ ခန့်ဆုံး)။ ။အင်္ဂလိပ်ကဗျာလောကတွင် ရှေးဦးပေါ်ကဗျာများအကြောင်းလေ့လာရာ၌ထိုကဗျာလောကကြီးကို တည်ဆောက်ခဲ့သူ ကဗျာဆရာကြီးကက်ဒမန်အကြောင်း မပါလျှင်မပြီးချေ။ ထိုကဗျာဆရာကြီးကက်ဒမန်ကား အခြေအနေအားဖြင့် သာမန်နွားကျောင်းသားတစ်ယောက်မျှသာဖြစ်သော်လည်း ကဗျာပါရမီဓါတ်ခံရင့်သန်ခဲ့သူဖြစ်ရာ၊ သူ၏ကဗျာများသည် ယခုခေတ်တိုင်အောင်ပင် ကဗျာအဆောက်အအုံကြီး၏ အုတ်မြစ်ကျောက်ချပ်များသဖွယ် ခိုင်မြဲတည်တံလျက် ရှိပေသည်။ ကက်ဒမန်သည် အင်္ဂလိပ်လူမျိုး ခရစ်ယန်အယူဝါဒီ ကဗျာဆရာများတွင် ရှေးအကျဆုံးသောပုဂ္ဂိုလ်ကြီးဖြစ်၍ ထိုခေတ်ထိုအခါကသီကုံးနှုန်းဖွဲ့သော ဘာသာစကားမှာလည်း အင်္ဂလို‘ဆက္ကဆွန်ဘာသာစကားဖြစ်လေသည်။ အင်္ဂလို- ဆက္ကဆွန်
ဘာသာစကားသည် ယခုခေတ် အင်္ဂလိပ်ဘာသာစကားနှင့်မတူချေ။
ကက်ဒမန်သည် မိမိတည်ဆောက်အံ့သော ကဗျာလောကကြီးအတွက် ကြိုတင်ရည်မှန်းထားချက်မရှိသော်လည်းထိုလောကကြီး၏ လင်းအရုဏ်ရောင်ခြည်ကလေးပမာခဏမျှမက်လိုက်သော အိပ်မက်ကလေးတစ်ခုသည်ပင် သူ့အား ကဗျာအဆောက်အအုံ ဗိသုကာကြီးတစ်ဦးအဖြစ်ကိုပေးအပ်ခဲ့လေသည်။ ဖြစ်ပုံမှာကား တစ်နေ့သ၌သူသည် အိပ်ပျော်နေစဉ် တစ်စုံတစ်ယောက်သည် သူ့ထံသို့လာရောက်၍သီချင်းတစ်ပုဒ်သီဆိုပါမည့်အကြောင်း တောင်းပန်လေရာ ပထမတွင် သီချင်းမဆိုတတ်ကြောင်း ရိုးသားပွင့်လင်းစွာ ငြင်းဆိုလိုက်၏။ သို့သော် ထိုသူ၏ မရမနေတောင်းပန်မှုကြောင့်နောက်ဆုံး၌ မည်သည့်အကြောင်းကို သီဆိုရမည်နည်းဟုပြန်၍မေးလိုက်လျှင် ထိုသူက ကမ္ဘာဦးအခါက ထာဝရဘုရားသခင်သည် သတ္တဝါအပေါင်းတို့အား ဖန်ဆင်းခဲ့သည့်
အကြောင်းကို ဖွဲ့နွဲ့သီဆိုရန် တောင်းပန်ခိုက်ကက်ဒမန်သည်အိပ်ရာမှလန့်နိုးသည်ဟု အမှတ်အသားများတွင် တွေ့ရ၏။
နံနက်လင်းသောအခါ ကက်ဒမန်သည် ဝှစ်တဗီကျောင်းတော်ရှိ သီလရှင်ကြီး စိန်ဟီလဒါထံသို့သွား၍ မိမိ မြင်မက်သော အိပ်မက်အကြောင်းကို ပြောကြား၏။ စိန်ဟီလဒါ၏တိုက်တွန်းချက်အရ ကက်ဒမန်သည် ခရစ်ယန်သမ္မာကျမ်းစာအချို့ကို ကဗျာဖွဲ့သီခဲ့ရာ သီလရှင်ကြီးလည်း သူ၏စွမ်းရည်ကို
အကဲခတ်မိသဖြင့် မိမိ၏ကျောင်း၌ လာရောက်၍ ပညာသင်ကြားရန် တိုက်တွန်းလေသည်။ ဤသို့ဖြင့်ကက်ဒမန် သည်နွားကျောင်းသားဘဝကို စွန့်လွှတ်၍ ထိုကျောင်း၌ပင်ကဗျာများဖွဲ့ဆို သီကုံးခဲ့လေသည်။ သူ၏ဂုဏ်သတင်းကားတမဟုတ်ချင်းပျံ့နှံ့လေတော့သည်။
အက်ဒမန်၏နောက်ခေတ်တွင် ကဗျာစာဆိုတို့သည်ကက်ဒမန်ကဲ့သို့ အယူဝါဒဆိုင်ရာကဗျာများကို စပ်ဆိုသီကုံးရာ၌ ကက်ဒန်၏ကဗျာများကိုအထောက်အထား ပြုကြရကုန်သည်။ ကက်ဒမန်သည် ကဗျာအများအပြားပင် ဖွဲ့နွဲ့ခဲ့ဟန်ရှိသော်လည်း ယခုခေတ်တွင်မူ သူ၏ကဗျာများကို မတွေ့ရ
တော့ချေ။ သူ့အကြောင်းကို သိရှိမှတ်သားရခြင်းမှာ ဗိအမည်ရှိ စာဆိုကဝိကြီးတစ်ဦးရေးသားသော စာပေများတွင်ကက်ဒမန်၏ ကဗျာများမှ ကောက်နုတ်ချက် အချို့ကိုတွေ့ရသောကြောင့်ပင် ဖြစ်လေသည်။ ၁၇ ရာစုနှစ်အတွင်းကဂိုဏ်းချုပ်ကီးအပ်ရှားသည် လွန်ခဲ့သည့် ၁၀ ရာစုနှစ်အတွင်း
က ရေးသားခဲ့ဟန်ရှိသော စာပေတစ်ခုကို တွေ့ရှိခဲ့၏။ ထိုစာပေတွင် ဗိဖော်ပြသည့်အတိုင်း ကက်ဒမန်၏ ကဗျာလင်္ကာများဟု ယူဆနိုင်ဖွယ်ရှိသော ကဗျာအချို့ကို တွေ့ရသည်။ထိုဂိုဏ်းချုပ်ကြီးသည် မိမိတွေ့ရှိရသောစာတို့ကို ဖရန်ဆွာဒူးဂျုန်းဆိုသူထံသို့ပေးအပ်ခဲ့၏။ ထိုပုဂ္ဂိုလ်မှာ ဖရန်စဂျူးနယပ်ဟု
ထင်ရှားသော ဟျူးဂျနိုးဂိုဏ်းဝင် စာပေဝါသနာထုံသူတစ်ဦးပင်တည်း။
သူသည် အင်္ဂလန်ပြည်တွင် အနှစ်၃၀ကာလပတ်လုံး နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်သာမက၊ အင်္ဂလို-ဆက္ကဆွန် စကားကိုလည်း အထူးလိုက်စားခဲ့လေသည်။မိမိရရှိထားသောစာမူကို ကက်ဒမန်ကိုယ်တိုင် ဖွဲ့နွဲ့ခဲ့သောကဗျာအဖြစ် ၁၆၅၅ခုနှစ်တွင် အမ္မစတာဒမ်မြို့၌ပုံနှိပ်၍ ထိုစာမူ၌ပါရှိသော ကဗျာများကို ထုတ်ဝေခဲ့ဘူးသည်။
ယခုခေတ်စာပေအကဲဖြတ်များက ယင်းစာမူသည် ကက်ဒမန်တစ်ဦးတည်းပြုစုခဲ့သော စာမူမဟုတ်စေကာ‘ဂျင်းနီဆစ်’’ခေါ် ပထမပိုင်းကိုမူကား ကက်ဒမန်ကိုယ်တိုင် ပြုစုဖွဲ့နွဲ့ခဲ့လိမ့်မည်ဟုယူဆကြလေသည်။ ကမ္ဘာကျော်စာဆို ဂျွန်မီလတန်ပင်လျှင် ဆုံးခဲ့ပေါ့ ပြည်နိဗ္ဗာန်” ကဗျာကိုသီကုံးရာ၌ ကက်ဒမန်၏ ‘ဂျင်းနီဆစ်’ ကဗျာမှ စိတ်တက်ကြွမှုရခဲ့သည်ဟုဆိုကြလေသည်။