ကိုးလားရစ် အက်(စ)၊တီ(ခရစ် ၁၇၇၂-၁၈၃၄) ။ ။ဆမ်မျူယယ်တေလာ ကိုးလားရစ်သည် အင်္ဂလန်ပြည်ဒက်ဗွန်ရှိုင်ယာနယ်ရှိ အော့ဘာရီစိန်မေရီရွာ ကလေး၌ ၁၇၇၂ခု အောက်တိုဘာလ ၂၁ရက်နေ့တွင် ဖွားမြင်သည်။အတန်ငယ်ဆင်းရဲသော သင်းအုပ်ငယ်တစ်ဦး၏ ၁၀ယောက်မြောက်သားဖြစ်လေသည်။
ကိုးလားရစ်သည် ကျောင်းသား အရွယ်ငယ်စဉ်ကပင်တွေးတောစိတ်ကူးနေတတ်သူဖြစ်သည်။ လယ်ပြင်ထဲ၌လျှောက်သွားရင်း ပေါင်းပင်များကို တုတ်ဖြင့် ပုတ်ခတ်ရိုက်နှက်သွားရသည်ကိုပင် လူစွမ်းကောင်းစိန်ဂျော့ကဲ့သို့ နဂါးကြီးကို သန်လျက်နှင့်ခုတ်ပိုင်း နေရသည်ဟုထင်တတ်၏။
ပညာဉာဏ်ထက်မြက်သူဖြစ်သည့်အလျောက် ၅နှစ်သားအရွယ်ကပင် သမ္မာကျမ်းစာကိုလည်းကောင်း၊ ‘ရော်ဗင်ဆန်ကရူးဆိုး´နှင့် ‘ပသီပုံပြင်” ဝတ္ထုများကိုလည်းကောင်း ဖတ်ပြီးဖြစ်လေသည်။၉ နှစ်သား အရွယ်တွင် ကိုးလားရစ်၏ဖခင် ကွယ်လွန်သဖြင့် သူ့အား လန်ဒန်မြို့ရှိ ခရိုက်စဟော့စပီတယ်ကျောင်းသို့ ပညာသင်ကြားရန်ပို့လိုက်သည်။ ကိုးလားရစ်သည် ရသမျှစာအုပ်များကို ဖတ်ရှုလေ့လာရုံမျှမက ဖတ်ခဲ့သောအကြောင်းအရာများကို စိတ်ကူး တွေးတောကာနေလေ့ရှိ၏။ထိုကျောင်းတွင် သူသည် နောင်အခါ၌ စကားပြေအရေးအသားအလွန်ကောင်းသော စာရေးဆရာကြီးတစ်ယောက်ဖြစ်လာမည့် ချားလမ်းဗနှင့် မိတ်ဆွေဖြစ်ခဲ့သည်။ နောက်၈နှစ်ခန့်ကြာသောအခါ ကိုးလားရစ်သည် ကိမ်းဗရစ်တက္ကသိုလ်တွင်ပညာ ဆက်လက်သင်ကြားပြန်သည်။ ခရိုက်စဟော့စပီတယ်ကျောင်းတွင်၎င်း၊ ကိမ်းဗရစ်တက္ကသိုလ်တွင်၎င်း၊အတော်ဥာဏ်ထက်မြက်သောကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် အကြွေးပူသောကြောင့်တက္ကသိုလ် ကျောင်းမှ ထွက်ပြေးပြီးနောက် နာမည်ပြောင်း၍ စစ်တပ်တွငဝင်ရောက်အမှုထမ်းခဲ့သည်။မကြာမီပင် ကိုးလားရစ်၏အစ်ကိုသည်သူ့အားစစ်တပ်မှရွေးနုတ်၍ ကိမ်းဗရစ်တက္ကသိုလ်သို့ပြန်ပို့သည်။သို့သော်တက္ကသိုလ်ကျောင်းမှ ဘွဲ့တစ်စုံတစ်ခုမျှ မရခဲ့ချေ။
ကိုးလားရစ်သည် ပြင်သစ်တော်လှန်ရေး၏ အခြေခံသဘောတရားများကို အားတက်သရောထောက်ခံသူဖြစ်သည့်အလျောက် ကဗျာဆရာ ရောဗတ်ဆောက်သေးနှင့်အတူအမေရိကတိုက်သို့သွား၍ လူတန်းစားခွဲခြားခြင်းမရှိသောနယ်သစ်တစ်ခု တည်ထောင်ရန် ကြံစည်ခဲ့သည်။ သို့သော်ငွေကြေးချို့တဲ့မှုကြောင့် ထိုအကြံကို စွန့်လွှတ်ခဲ့ရ၏။ ၁၇၉၅ခုနှစ်တွင် ကိုးလားရစ်သည် ဆယ်ယာဖရစ်ကာနှင့်ထိမ်းမြားလက်ထပ်ခဲ့သည်၊ ရောဗတ်ဆောက်သေးသည် သူနှင့်မယားညီအစ်ကိုဖြစ်လေသည်။
ထိုနောက် ကိုးလားရစ်သည် နိုင်ငံရေးနှင့် အယူဝါဒရးများကို ဟောပြောကာ ကဗျာများစပ်ဆိုရေးသားရင်းအင်္ဂလန်ပြည်အနောက်ပိုင်းရှိ ဗရစ္စတိုမြို့တွင် နေထိုင်ခဲ့သည်။ထိုအရပ်တွင် နေစဉ်က ဝပ်ဇဝပ်မောင်နှမတို့ နေထိုင်သောဒေါဆက်ရှိုင်ယာ တောင်ကုန်းများရှိ နေ့စဒေါင်းအရပ်သို့သွားရောက် လည်ပတ်ခဲ့ရာတွင် သူတို့နှင့် မိတ်ကျွမ်းဝင်ခဲ့၏။ဝီလျံဝပ်ဇဝပ်သည် ကမ္ဘာကျော် ကဗျာဆရာကြီးတစ်ဦးဖြစ်သည်။ ဝပ်ဇဝပ်နှင့် ကိုးလားရစ်တို့ ၂ ဦး ပေါင်းစပ်၍
ဒလစ်ရစ်ကယ်ဗဲလက်” ခေါ် ကဗျာ့ပဒေသာစာစောင်ကို၁၇၉၈ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ကြ၏။ ထိုစာစောင်တွင်ကိုးလားရစ် ရေးသားသော ဒရှေးသင်္ဘောသား” ကဗျာသည်ထိပ်တန်းကဗျာဆန်းတစ်ပုဒ် ဖြစ်ပေသည်။ ဒကူဗလိုင်ခန်”နှင့် ဒခရစ္စတာဗဲ” တို့မှာလည်း ကိုးလားရစ်၏ လက်စွမ်းကိုသိသာနိုင်သော ကဗျာကောင်းများ ဖြစ်ကြသည်။
ထိုနောက် ကိုးလားရစ်သည် ယထာဘူတ ပညာရပ်တွင် စိတ်ဝင်စားသဖြင့် ဂျာမနီနိုင်ငံသို့ တစ်နှစ်နီးပါးသွားရောက်ကာ ထိုပညာရပ်ကိုလေ့လာသည်။ လန်ဒန်မြို့သို့တစ်ဖန်ပြန်ရောက်လာသောအခါ သတင်းစာများ၌ဆောင်းပါးများနှင့် ကဗျာအချို့ကို ရေးသားခဲ့ ၏။၁၈ဝဝ ပြည့်နှစ်တွင် အင်္ဂလန်
ပြည်မြောက်ပိုင်း အိုင်ဒေသသို့ ပြောင်းရွှေ့ နေထိုင်သည်။ ကိုးလားရစ်၊ ဝပ်ဇဝပ်နှင့် ဆောက်သေးတို့သည် ထိုအိုင်ဒေသတွင် နေထိုင်ကြသဖြင့် သူတို့ကို အိုင်ကဗျာဆရာများ´ဟု ခေါ်စမှတ် ပြုကြသည်။
ထိုအချိန်လောက်တွင် ကိုးလားရစ်သည် အကြောကိုက် ရောဂါကြောင့် အကိုက်အခဲမှသက်သာရာ ရစေရန်ဘိန်းကိုအသုံးပြုမိလေရာ နောက်ဆုံး၌
ဘိန်းစွဲ သွားလေသည်။ ထိုကြောင့် ကိုးလားရစ်သည် ဉာဏ်စွမ်းဉာဏ်စတုံးသွား၍ သူရေးသားသော စာများမှာလည်းအပိုင်းအစများသာဖြစ်နေလေတော့သည်။ ထိုပြင် ကိုးလားရစ်သည် အတော်ပင်နွမ်းပါးသွားသဖြင့် မိတ်ဆွေများကငွေကြေးထောက်ပံ့ခဲ့ကြရ၏။ ချားလမ်းဗသည် ကိုးလားရစ်
၏ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်လေသည်။ ထိုသို့သူ၏မိတ်ဆွေများက ထောက်ပံ့ကြသောကြောင့်သာ သက်ဆိုးရှည်ခဲ့သည်။ကိုးလားရစ်သည် အိုမင်းမစွမ်းသည်အထိ စကားပြောကောင်းသူဖြစ်သဖြင့် ထင်ရှားသော ပုဂ္ဂိုလ်အများပင်သူထံသို့ လာရောက် နာယူကြသည်။
ကမ္ဘာကျော်ကဗျာဆရာကြီး ဝပ်ဇဝပ်က ‘ကျွန်ုပ်တွေ့ဘူးသမျှသူထဲတွင် ကိုးလားရစ်သည် အံ့ဖွယ်သရဲပုဂ္ဂိုလ်ထူးဖြစ်ပါပေသည်” ဟု ချီးကျူးခဲ့ဘူး၏။
စကော့လူမျိုး စာရေးဆရာကြီး ကာလိုင်းကလည်း ‘ဤသူကား လူတို့၏ ဘုရင်ပေတည်း´ဟု မိန့်မြွက် ခဲ့ဘူး၏။ချားလမ်းကမူ ‘သူသည် အနည်းငယ် ပျက်စီးယိုယွင်းနေသောကောင်းကင်တမန်မင်း´ဟု ကိုးလားရစ်ကို ရည်ညွှန်း၍ ပြောခဲ့ဘူးလေသည်။
လူအများကပင် ကိုးလားရစ်ကို ကဗျာဆရာကြီးဟု အသိအမှတ်ပြုကြသော်လည်း၊ စင်စစ်အားဖြင့် သူသည် ကဗျာထက်စကားပြေကို ပိုမိုရေးသားခဲ့လေသည်။ အနိစ္စမရောက်မီ ၁၈ နှစ်အတွင်း ရေးသားခဲ့သောစာအုပ်များအနက်ကဗျာလင်္ကာ သရုပ်သဘာဝနှင့် ဝေဖန်မှုအခြေခံများကိုဖေါ်ပြသော “ဗိုင်အို ဂရပ်ဖီးယားလစ်တာရေးရီးယား(၁၈၁၇) စာအုပ်မှာ အထူးပင်ထင်ရှား လေသည်။“ရှိတ်စပီးယားအကြောင်း ဟောပြောချက်များ” စာအုပ်ကိုကိုးလားရစ် ကွယ်လွန်ပြီးနောက် ၁၈၄၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၈၂၅ ခုနှစ်တွင် သူသည်ယထာဘူတပညာရပ်အကြောင်း စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့၏။
ဆမ်မျူယယ်ကိုးလားရစ်သည် နောက်ဆုံး ဟိုင်းဂိတ်အရပ်တွင် မိတ်ဆွေဆရာဝန်တစ်ဦး၏အိမ်၌ နေထိုင်လျက်ရှိစဉ် ၁၈၃၄ ခုဇူလိုင်လ၂၅ရက်နေ့တွင် အနိစ္စရောက်လေသည်။