ကိုလံဗိုမြို့ ။ ။ ကိုလံဗိုမြို့သည် သီဟိုဠ်ကျွန်း၏ မြို့တော်ဖြစ်၍ ကျွန်း၏အနောက်ဘက်ကမ်းခြေ ကလျာဏီမြစ် ဝအနီး၌ တည်ရှိသည်။ အေဒင်မြို့မှ သြစတြေးလီးယားတိုက်သို့၎င်း၊ကရာချိမြို့မှ စင်ကာပူမြို့သို့၎င်း သင်္ဘောခရီးလမ်းတွင် ကိုလံဗိုမြို့သည် ဗဟိုဒေသဖြစ်သည့်အလျောက် ထင်ရှားသောသင်္ဘောဆိပ်မြို့ကြီးလည်းဖြစ်သည်။
သီဟိုဠ်ကျွန်းတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက်ကိုလံဗိုမြို့သည် အချက်အခြာမြို့ကြီးဖြစ်၏။ အများ ဆုံးတင်ပို့ရောင်းချသော ထုတ်ကုန်မှာ လက်ဖက်ခြောက် ဖြစ်သည်။ကိုလံဗိုသင်္ဘောဆိပ်၏ အကျယ်အဝန်းမှာဧက ၆ဝဝကျော်မျှရှိ၍၊ ကမ္ဘာပေါ်တွင် လူတို့ဆောက်လုပ်သော အကြီးဆုံး
သင်္ဘောဆိပ် တစ်ခုဖြစ်ပေသည်။ ကိုလံဗိုမြို့ တွင် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ၊ သီဟိုဠ်တက္က သိုလ်ကျောင်းတိုက်၊ ဘုရင်ခံအိမ်တော်၊ ပန်းဥယျာဉ်များရှိ၏။ကိုလံဗိုမြို့မှ သီဟိုဠ်ကျွန်းအရပ်ရပ်သို့ အလွယ်တကူသွားနိုင်ရန် လူသွားလမ်းများ၊ မီးရထားလမ်းများဖောက်လုပ်ထားသည်။ ဗုဒ္ဓစွယ်တော်မြတ်ကိန်းဝပ် တော်မူရာ ကန်ဒီမြို့သည် ကိုလံဗိုမြို့မှ ၇၅ မိုင်ဝေးကွာလေသည်။
၁၉၅ဝပြည့်နှစ် ဇန္နဝါရီလ ၉ရက်နေ့မှ ၁၄ ရက်နေ့အထိဗြိတိသျှဓနသဟာယအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများညီလာခံကို ကိုလံမြို့တွင် ကျင်းပခဲ့၏။ ထိုညီလာခံသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အချို့ တက်ရောက်လေ့လာခဲ့ ကြ၏။ ညီလာခံတွင် ဆွေးနွေး ဆုံးဖြတ်ချက်များအ နက် အာရှတိုက် အရှေ့တောင်ပိုင်း နိုင်ငံများအတွက်စက်မှုလက်မှုအကူအညီများ၊ ကျွမ်းကျင်သောပါရဂူများနှင့် ငွေကြေးကူညီချေးငှားမှုများ ဆောင်ရွက်ပေးရန်ဆိုသော အချက်လည်းပါဝင်သည်။ ထိုစီမံကိန်းမှာ ၆ နှစ်စီမံ
ကိန်းဖြစ်၍ ပေါင်သန်းပေါင်း ၁၈၆၈ ကုန်ကျမည်ဖြစ်သည်။
၁၉၅ဝပြည့်နှစ် နိုဝင်ဘာလ ၂၈ရက်နေ့တွင် ဓနသဟာယအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းလျက် ကိုလံဗို စီမံကိန်းအမည်ဖြင့် လန်ဒန်မြို့မှကြေငြာခဲ့၏။ ကိုလံဗိုစီမံကိန်းဟု ခေါ်ဝေါ်ခြင်းမှာ စီမံကိန်းကို ကိုလံဗိုညီလာခံမှ အစပျိုးခဲ့သောကြောင့်ဖြစ်သည်။ထိုစီမံကိန်းအရ အာရှတိုက်အရှေ့ပိုင်းနိုင်ငံအများပင် အထောက်အပံ့၊ အကူအညီ အမျိုးမျိုးကို ရရှိခဲ့ကြ၏။ မြန်မာနိုင်ငံမှလည်း ပေါင် ၆သန်းကို ဓနသဟာယဝင်နိုင်ငံများထံမှ ၂ နှစ်စာချုပ်ဖြင့် ချေးငှားခွင့်ရရှိခဲ့သည်။
ကိုလံဗိုမြို့ကို ၁၃၄ဝ ပြည့်နှစ် ဆီလောက်က ကာလံဗူဟုခေါ်ကြောင်း အဆိုရှိလေသည်။ ၁၅၁၇ ခုနှစ်အထိ ပေါ်တူဂပိုင်ဖြစ်ခဲ့သည့်အခါက ကိုလံဗပ်ကို ဂုဏ်ပြုသောအားဖြင့်ကိုလံဗိုဟု မှည့်ခေါ်ခဲ့သည်။ ထိုနောက်ထိုမြို့မှာ ဒပ်ချတို့လက်အောက်သို့ ကျရောက်ခဲ့ရာမှ ၁၇၉၆ ခုနှစ်တွင် ဗြိတိသျှတို့လက်အောက်သို့ ရောက်ရပြန်သည်။ သို့သော် ၁၉၄၈ ခုနှစ်တွင်မူ ဒိုမီနီယန်နိုင်ငံ အဆင့်အတန်းသို့ ရောက်နေသောသီဟိုဠ်ကျွန်း၏ မြို့တော် ဖြစ်လာ၏။