ကိုချင်နီးဆိုးဆေး။ ။ကြက်သွေးရောင် သို့မဟုတ်အနီရောင် ဆိုးဆေးတမျိုးကို အမေရိကတိုက်၊ မက္ကဆီကိုနှင့် ပီးရူးနိုင်ငံတို့တွင် တွေ့ရှိရသော ပိုးကောင်ငယ်ကလေးတစ်မျိုးမှ ရရှိသည်။ ထိုပိုးကောင်သည် ‘ဟိမစ်တာရာ”မျိုးစဉ်တွင် ပါဝင်၍၊ များသောအားဖြင့် နိုပယ်ခေါ် ရှားစောင်း ပင်များတွင်နေတတ်သည်။ ထိုကြောင့် အာဖရိကတိုက် မြောက်ပိုင်းအယ်လဂျီးရီးယားနယ်နှင့် စပိန်နိုင်ငံတောင်ပိုင်းတွင်နိုပယ် ရှားစောင်းပင်များကို စိုက်ပျိုးထား
၍၊ ထိုပိုးကောင်များကို ပိုးမွေးသကဲ့သို့ ဂရုတစိုက်မွေးမြူကြသည်။ ကိုချင်နီးဆိုးဆေးမှာ အမှန်စင်စစ် ထိုပိုးကောင်အမတို့၏ကိုယ်များဖြစ်သည်။ ရှားစောင်းပင်၏ အကိုင်းများတွင် တွယ်ကပ်နေသော ပိုးကောင်များကို အသင့်ဆောင်လာသော အိတ်ထဲသို့ ဝက်မှင်ဘီးဖြင့် ဖြီးချရသည်။ထိုနောက် ပိုးကောင်များကို ရေနွေးဆူဆူထဲတွင်သော်လည်းကောင်း၊ မီးဖို၏အပူရှိန်ဖြင့်သော်လည်းကောင်း သေစေသည်။ ပိုးသေကလေးများကို နေပူထဲတွင် အခြောက်လှန်းထားလိုက်ပြီးနောက် အမ်မိုးနီးယားပျော်ဝင်ရည်တွင် စိမ်ထားရသည်။ ထိုခွက်ကို တစ်ဖန် ရေနွေးထဲတွင် နှစ်လိုက်သည့်အခါ၊ အမ်မိုးနီးယား တချို့တစ်ဝက်မှာ အငွေ့ပျံသွား၍ကျန်ခဲ့သော အရည်ပျစ်ပျစ်ကို ဆိုးဆေးအဖြစ် အသုံးချကြသည်။ သို့ရာတွင် ဆိုးဆေးဖြစ်အောင် ပြုပြင်နည်းအမျိုးမျိုးကွဲပြားသည့်အလျောက် ဆေးရောင်မှာလည်းအနီရောင်အရင့်၊ အလတ်၊ အနုစသည်ဖြင့် ကွဲပြားခြားနားသည်။ ထို့ပြင် ပိုးကောင်များကို စုသိမ်းသည့်
အချိန်ကာလကိုလိုက်၍လည်း ဆိုးဆေးအရောင် ကွဲပြားသည်။ ပိုးသေကောင် ကလေးပေါင်း ၇ဝဝဝဝ ခန့်သည်အလေးချိန် တစ်ပေါင်စီး၍ ထိုပိုးကောင်များမှ ဆိုးဆေးစစ်စစ် ၁ဝ ရာခိုင်နှုန်းမျှ ရရှိသည်။
ဆိုးဆေးအတွက် ကိုချင်နီးပိုးကောင် များကို ဥရောပတိုက်၊ဩ စတြေးလီးယားတိုက်နှင့် အယ်လဂျီးရီးယားနယ်များတွင် ဖြစ်မြောက်အောင်မြင်စွာ မွေးမြူခဲ့ကြရာ၊ကျောက်မီးသွေးကတ္တရာမှ ထုတ်ယူရရှိသော ဆိုးဆေးများကိုအသုံးများလာကြသဖြင့် မက္ကဆီကို နိုင်ငံ တစ်ခုတည်း၌သာထိုလုပ်ငန်းကို ဆက်လက် လုပ်ကိုင်လျက်ရှိသည်။