ကောလင်းမြို့။ ။ကောလင်းမြို့သည် အထက်မြန်မာပြည်ကသာခရိုင်အတွင်းကောလင်းနယ်ပိုင် ရုံးစိုက်ရာမြို့ဖြစ်၏။ ကောလင်းမြို့မှာ ထီးချိုင့်မြို့ အနောက်ဘက် မိုင်၄၀ ကွာတွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်၌ရှိသည်။ မြေပြန့်ပေါ်၌ တည်ရှိသော်လည်း ပတ်ပတ်လည်၌တောင်များ ဝန်းရံလျက်ရှိ၏။ ကောလင်းမြို့ သည် ၂၁၇ဧက ကျယ်ဝန်း၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရလူဦးရေ ၃၇၃၅ ယောက်ခန့် ရှိသည်။ မြို့တစ်ဝိုက်တွင်ကျယ်ပြန့်သော စပါးလယ်ကွင်းများကို ကောလင်းကွင်းဟုခေါ်ကြသည်။
ကောလင်းမြို့နယ်ကို ရှေး မြန်မာမင်းများလက်ထက်ကမြို့ဝန်များခန့်ထား၍ အုပ်ချုပ်စေသည်။ မြို့ဟောင်း နေရာမှာ ယခုကောလင်းမြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးကွာသော ရွာမ ပင်ဖြစ်သည်။ ယခုကောလင်းမြို့မှာတောင်အင်း နှင့် မြောက်အင်းခေါ် ရွာ ၂ ရွာကို စုပေါင်း၍တည်ခဲ့သော မြို့ဖြစ်သည်။