ကယ်ရိုလီးနားပြည်နယ်

ကယ်ရိုလီးနားပြည်နယ် ။    ။ကယ်ရိုလီးနား ပြည်နယ် သည်မူလကတနယ်တည်းဖြစ်သော်လည်း နောင်အခါတွင်မြောက်ကယ်ရိုလီးနားနှင့် တောင်ကယ်ရိုလီးနားဟူ၍ ပြည်နယ် ၂နယ်ဖြစ်သွားသည်။ ကယ်ရိုလီးနား ပြည်နယ်၏မြောက်ဘက်တွင် ဗာဂျင်းနီးယားပြည်နယ်၊ အနောက်ဘက်နှင့်တောင်ဘက်တွင် တင်နက်ဆီပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ်၊ အရှေ့ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာရှိလေသည်။မြောက်ကယ်ရိုလီးနား ပြည်နယ်မှာ စတုရန်းမိုင်ပေါင်း
၅၂၇၁၂ကျယ်ဝန်း၍ လူဦးရေမှာ ၄ဝ၆၁၉၂၉ ယောက်ရှိသည်။ မြို့တော်မှာ ရာလေးမြို့ဖြစ်၍ လူဦးရေ ၆၅၆၇၉ယောက်ရှိလေသည်။

တောင် ကယ်ရိုလီးနားပြည်နယ်မှာ စတုရန်း မိုင်ပေါင်း၃၁ဝ၅၅ ကျယ်ဝန်း၍၊ လူဦးရေ ၂၁၁၇ဝ၂၇ ယောက်ရှိသောကြောင့် မြောက်ဘက်ပြည်နယ်ထက်ငယ်ပြီးလျှင် လူဦးရေလည်း နည်းလေသည်။ မြို့တော်မှာ ကိုလမ္ဗီးယားမြို့ဖြစ်၍ လူဦးရေ ၈၆၉၁၄ ယောက် ရှိလေသည်။

ကယ်ရိုလီးနား ပြည်နယ်များတွင် ဝါကို အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်ကြ၏။ ကပ္ပလီလူမျိုးများလည်း အများအပြား နေထိုင်လျက်ရှိကြသဖြင့်၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် အလုပ်သမား များကို ဈေးပေါပေါနှင့် ငှါးရမ်းခိုင်းစေနိုင်ကြသည်။ ကယ်ရိုလီးနားပြည်နယ်များ ၏ရာသီဥတု
မှာ စိုစွတ်ထိုင်းမှိုင်း၍ဂွမ်းထည် ရက်လုပ်ခြင်း လုပ်ငန်းနှင့်အထူးပင် သင့်လျော်ပေသည်။ ထိုပြင် ရေတံခွန်ပေါများသောကောင့် စက်ရုံ၊ အလုပ်ရုံများအတွက် လျှပ်စစ်ဓါတ်အားကို စရိတ် သက်သာစွာဖြင့်ရရှိနိုင်လေသည်။

ကယ်ရိုလီးနား ပြည်နယ် ၂ နယ်လုံးတွင် ဆေးပင်များကိုအကြီးအကျယ် စိုက်ပျိုး လုပ်ကိုင်ကြ၏။ ဆာဝေါ်လတာရာလေးသည် ၁၅၈၄ ခုနှစ်တွင် ကယ်ရိုလီးနား ပြည်နယ်သို့ရောက်ရှိလာခဲ့၏။ နောက်တစ်နှစ်တွင် ထိုနယ်၌ အခြေစိုက်နေထိုင်ကြရန် အင်္ဂလိပ်လူမျိုးများကိုစေလွှတ်လိုက်ရာ ထိုနယ်ရှိ တိုင်းရင်းသားလူမျိုးများက အဝင်မခံဘဲ ခုခံတိုက်ခိုက်သဖြင့် အင်္ဂလိပ်လူမျိုးများမှာ အင်္ဂလန်ပြည်သို့ ပြန်သွားကြရလေသည်။

တစ်ဖန် ၁၅၈၇ ခုနှစ်တွင် ကယ်ရိုလီးနား ပြည်နယ်သို့လာရောက်ကြသော အင်္ဂလိပ်လူမျိုးတစ်စုမှာလည်း ထူးဆန်းစွာပျောက်ကွယ်သွားကြပြန်၏။ ပထမချားဘုရင် လက်ထက်သို့ရောက်သောအခါ အင်္ဂလိပ်လူမျိုးများ ထိုဒေသတွင် အခြေတကျနေထိုင်နိုင်အောင် စီစဉ်ပြုလုပ်ပေးသဖြင့် ထိုနယ်ကိုအင်္ဂလန်၏ကိုလိုနီနယ်တစ်ခုအဖြစ်ပြုလုပ်ခဲ့လေသည်။ ချားဟူသောအမည်မှာ လက်တင်ဘာသာဖြင့် ကယ်ရိုလပ်ဖြစ်၍၊ထိုနယ်ကို ချားဘုရင်အား ဂုဏ်ပြုသောအားဖြင့် ကယ်ရိုလီးနားဟူ၍ အမည်မှည့်ခေါ်ခဲ့ကြသည်။ ဒုတိယချားဘုရင်လက်ထက်သို့ ရောက်သောအခါ ၁၆၆၃ ခုနှစ်တွင် ထိုနယ်ကိုမှူးမတ်အချို့အား အပိုင်စားပေးသနားလိုက်သည်။ထိုမှူးမတ်များက ကယ်ရိုလီးနားနယ်ကို . မြောက်ပိုင်းနှင့်တောင်ပိုင်းဟူ၍ နယ် ၂ နယ် ခွဲခြားလိုက်လေသည်။

တောင်ကယ်ရိုလီးနား ပြည်နယ်နှင့်မြောက်ကယ်ရိုလီးနားပြည်နယ်တို့သည် အမေရိကန်နိုင်ငံသမိုင်းတွင် အတော်ပင်အရေးပါခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ မူရင်းပြည်နယ် ၁၃ နယ်တွင် ဤနယ် ၂ နယ်အပါအဝင်ဖြစ်၏။၁၈၆၁- ၆၅ ခုနှစ်များအတွင်း ဖြစ်ပွားသော အမေရိကန်ပြည်
တွင်းစစ်ပွဲသည် တောင်ကယ်ရိုလီးနားပြည်နယ်၌ရှိသော ဖို့ဆမ္မတာခံတပ်မြို့ကလေးမှ စတင်ဖြစ်ပွားခဲ့၏။ ထိုပြည်တွင်းစစ်ပွဲမှာ သမ္မတကြီး အေဗရာဟမ်လင်ကွန်း လက်ထက်တွင်ငွေဝယ်ကျွန်စနစ်ပယ်ဖျက်ရေးနှင့်စပ်လျဉ်း၍ စတင်ဖြစ်ပွားလေရာ၊တောင် ကယ်ရိုလီးနားပြည်နယ်သည် လင်ကွန်း၏
ဝါဒကို ဆန့်ကျင်ပုန်ကန်သော တောင်ပိုင်းနယ်များဖက်တွင်စတင်သဘောကွဲလွဲကတည်းက ပါဝင်ခဲ့၍ ပြည်ထောင်စုထဲမှ အဦးဆုံးခွဲထွက်သောပြည်နယ်ဖြစ်၏။ မြောက်ကယ်ရိုလီးနားပြည်နယ်မှာမူ တောင်ပိုင်းနယ်များလက်သို့ ဖို့ဆမ္မတာ ကျဆုံးပြီးသည့်နောက်မှ တောင်ပိုင်းနယ်များဖက်သို့ဝင်ရောက်ခဲ့သည်။ သို့ရာတွင် တောင်ပိုင်းစစ်တပ်များအတွက် ဝေပုံကျထက်ပိုမိုသောစစ်သားအင်အားကို ရက်ရောစွာ ဖြည့်တင်းပေးခဲ့လေသည်။

Leave a Reply

Your email address will not be published. Required fields are marked *