ကေဆွန်။ ။မြစ်ကူးချောင်းကူး တံတားကြီးများကိုဆောက်လုပ်ရာ၌ တံတားအုတ်တိုင်ကျောက်တိုင်ကြီးများကို ရေပြင်အောက်မြေကြီးထဲသို့ အတော်နက်အောင် စိုက်၍ဆောက်လုပ်ထား ရလေသည်။ ယင်းသို့ ရေပြင်အောက်ရှိမြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ အလုပ်သမားများသည် ရေအောက်မြေကြီးထဲတွင် အုတ်မြစ် ချ၍ တိုင်စိုက်ထူနိုင်အောင်ကေဆွန်ခေါ် ရေလုံသေတ္တာများသို့မဟုတ် ပြွန်ခေါင်းများ ထိုးချပြီးသော် ထိုပြွန်ခေါင်းထဲတွင် ဝင်ရောက်လုပ်ကိုင်မှ ဖြစ်နိုင်ပေသည်။
ရှေးအခါက ရေထဲ၌တိုင်စိုက်ထူလိုသည့်အခါတွင် သစ်သားမြေစေးတို့ဖြင့် ရေကာရိုင်ပတ်ပြုလုပ်၍ ရေထုတ်ပြီးမှ တိုင်စိုက်ထူလေ့ရှိသည်။ယခုအခါတွင်လည်း ထိုနည်းအတိုင်းလိုက်နာနေကြပေသေးသည်။ သို့သော်ရေနက်လျှင် သာမန်ရေကာရိုင်ပတ်ဖြင့် တိုင်စိုက်ထူရန် မဖြစ်နိုင်သောကြောင့် ကေဆွန်ခေါ်ပြွန်ခေါင်းများကို အသုံးပြုရလေသည်။
ထိုသို့အသုံးပြုသော ကေဆွန်များမှာ အများအားဖြင့် လေအားသုံးကေဆွန်များဖြစ်သည်။ အလုပ်သမားများဆင်း၍ အလုပ်လုပ်နေသော အောက်ဆုံးအဖျားပိုင်းသည်အောက်ပိတ်မရှိဘဲ သဲထဲရွှံ့ထဲသို့ ထိုးစိုက်စူးဝင်နိုင်ရန်အတွက် ချွန်ထက်ရ၏။ ဤသို့ဖြင့်ကေဆွန်ကို တဖြည်းဖြည်း မြေမာသို့မဟုတ် အောက်ခံကျောက်ပျဉ်ထိအောင် ထိုးစိုက်နိုင်သည်။ ကေဆွန် အတွင်းရှိ မြေများသဲများ စသည်တို့ကို တူးခြစ်ပြီးသော်ကွန်ကရစ်လောင်းထည့်ပေးခြင်းဖြင့်တံတားတိုင်ကြီးများကို အုတ်မြစ်ချ စိုက်ထူနိုင်ခဲ့လေသည်။
သို့သော် ဤသို့ရေအောက် မြေထဲတွင် အလုပ်လုပ်ကိုင်ရသည်မှာ လွယ်ကူသည် မဟုတ်ပေ။ ကေဆွန်၏ အောက်ဆုံးအကန့်တွင် အလုပ်သမားများမြေကြီးကို တူးခြစ် ထုတ်ပစ်နေဆဲမှာပင် ထိုအကန့်အထက်ရှိအပိုင်းတွင် ကွန်ကရစ်လောင်းထည့်ပေးရသည်။ ဤသို့ဖြင့်ကေဆွန်သည်ပို၍ လေးလံလာသည့်အလျောက် မြေကြီးထဲသို့ပို၍စူးဝင်လေသည်။ကွန်ကရစ်ထုကိုဖေါက်၍ ပြွန်ကြီးတစ်ခုတပ်ဆင်ထားရာ ထိုပြွန်တစ်လျှောက်တွင် အလုပ်သမားများဆင်းတက်ရန်အပြင်ပစ္စည်းကရိယာများကိုချပေး ပန်တင်ရန်နှင့် မြေများသယ်ယူရန်အတွက် လမ်းပေါက်နှစ်သွယ် ရှိလေသည်။
အလုပ်လုပ်နေသော အကန့်ထဲတွင် လေဖိအားတသမတ်တည်း ရှိနေအောင် ပြုပေးခြင်းဖြင့် ရွှံ့နှင့်ရေများ အတွင်းသို့စိမ့်မဝင်နိုင်ပေ။ အလုပ်သမားများ တက်ဆင်းနေစဉ်နှင့်၊ပစ္စည်းကရိယာများနှင့် မြေကြီးများကိုချပေး သယ်တင်နေစဉ်အခါများတွင် လေဖိအားတသမတ်တည်းရှိအောင်
လမ်းပေါက်များအတွင်း၌ အံဖုံးတံခါးများ အထက်အောက်တပ်ဆင်ထားသော လေဖိအားညှိခန်းများထားရှိ၏။ အလုပ်သမားတစ်ယောက်ယောက် အောက်သို့ဆင်းမည့်အခါ အောက်အံဖုံးတံခါးကိုပိတ်၍ အထက်တံခါးကိုဖွင့်ပေးသည်။ ထိုသူ လေဖိအားညှိခန်း အတွင်းသို့ ရောက်လျှင်အထက်တံခါးကို ပိတ်လိုက်ပြီးသော် လေဖိအားညှိခန်းအတွင်းရှိလေဖိအားကို အောက်အလုပ်လုပ်နေရာအကန့်ရှိ လေ လေဖိအားနှင့် တူညီအောင်တိုးပေးရ၏။ ထိုနောက် အောက်တံခါးကို ဖွင့်ကာ အလုပ်သမားကို အလုပ်လုပ်နေရာ အကန့်သို့ချပေးသည်။
အလုပ်သမားတစ်ယောက်ယောက် အပေါ်သို့တက်မည့်အခါ အထက်ပါနည်းကို ပြောင်းပြန် ပြုလုပ်ပေးလေသည်။သို့သော် အထက်သို့တက်ရာ၌ လေဖိအားညှိခန်း အတွင်းသို့လူရောက်လျှင် လေဖိအားကို အထူးဖြည်းညှင်းသက်သာစွာလျှော့ပေးရ၏။ ရုတ်ခြည်းလျှော့ပေးလျှင် သွေးကြောများ
အတွင်းရှိ သွေးထဲ၌ လေဖိအားကြောင့် ပျော်ဝင်နေသောလေသည် ပလုံစီထတတ်ပြီးသော်၊ ထိုမှတစ်ဆင့်နာကျင်ကိုက်ခဲ၍ ကြောက်စရာကောင်းသော ကေဆွန်နာခေါ် ရောဂါတစ်မျိုးဖြစ်ပေါ်စေတတ်သည်။