ကုသိနာရုံပြည်

ကုသိနာရုံပြည်
ကုသိနာရုံပြည်မှာ အိန္ဒိယနိုင်ငံ၊မဇ္ဈိမဒေသရှိ ပြည်ကြီး ၂ဝ အပါအဝင်ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံယူခဲ့သော ပြည်ဖြစ်၍
ဗုဒ္ဓဝါဒီများ အသိများကြသည်။

ထိုပြည်မှာ ဟိမဝန္တာ တောင်ခြေရှိ နီပေါနိုင်ငံနှင့်ဂင်္ဂါမြစ်တို့၏အကြားတွင်တည်ရှိ၍၊ ယခုအခါ ယူပီနယ်၊ ဂိုရက်ပူခရိုင်၌ ကသိယဟု အမည်တွင်သည်။

မြတ်စွာ ဘုရားသခင်သည် သက်တော် ၈၀ တွင် သွေးဝမ်းသွန် ရောဂါကို ပြင်းပြစွာ ခံစားနေရစဉ်၌ပင် ကုသိနာရုံပြည် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ်တွင်းသို့ တပည့်သင်္ဃာများ ခြံရံလျက် ဆိုက်ရောက်လာသည်။ ဆိုက်ရောက်သည့် ည၏ အလွန် မိုးသောက်ယံတွင် မလ္လမင်းတို့ခင်းကျင်းထားအပ်သော ညောင်စောင်း သလွန်ပေါ်၌ လျောင်းစက်ယင်းပရိနိဗ္ဗာန် စံယူတော်မူသည်။

ကုသိနာရုံပြည်ပ၌ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုသည့်အကြောင်းကို ဦးပုည၏ သာသနာလျှောက်စာတမ်းတွင် ဒကောဇာတရာ့လေးဆဲ့ရှစ်၊ သက္ကရာဇ်ယုဂ၊ ကဆုန်လအချိန်တွင်၊ကုသိန္နာရုံ ရဂုံဂနိုင်၊ အင်ကြင်းမြိုင်၌၊ သုံးဆိုင်ဘုမ္မိ၊ ဓိပတိရာဇာ၊ ထွတ်သကျာသည်၊ အနုပါဒိသိသ်၊ တိတ်ဆိတ်ဥပါဒါန်၊ မကျန်ကုန်စင်၊ နိဗ္ဗာန်ဝင်၍၊ သဘင်ပွဲကြီး သိမ်းပါသည်”ဟူ၍လည်းကောင်း၊ လယ်တီဆရာတော်ဘုရား ရေးသားသော ခုနစ်နေ့ဘုရားရှိခိုးတွင် ဒရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လတိုင်း၊ စံနှိုင်းမယုတ်၊ကုဿိနာရုံ၊ အင်ကြင်းစုံ၌၊ကဆုန် လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်ဟူ၍လည်းကောင်း၊ ဖွဲ့နွဲ့ရေးသားခဲ့ကြလေသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံယူတော်မူခဲ့သောနေရာတွင် ယခုအခါထူပါရုံစေတီနှင့် လျောင်းတော်မူ ရုပ်ပွား တော်များကိုအထိမ်းအမှတ်အဖြစ်တွေ့မြင် နိုင်သေးသည်။ ကုသိနာရုံပြည်သို့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဝါဒီအများအပြား ဘုရားဖူးသွားရောက်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *