ကာလီဖိုးနီးယားပြည်နယ်
သိင်္ဂါရွှေပြည် ဟူ၍လည်း ခေါ်ကြသော ကာလီဖိုးနီးယားပြည်နယ်သည်ပစိဖိတ် သမုဒ္ဒရာကမ်းခြေတွင်ရှိ၍အမေရိကန် ပြည်ထောင်
စုတွင် အပါအဝင် ပြည်နယ်တစ်နယ် ဖြစ်သည်။ သိင်္ဂါရွှေပြည်ဟုခေါ်ကြခြင်းမှာ ကမ္ဘာ့အဖိုးတန် ရွှေတွင်းများ
ရှိခြင်းကြောင့် ဖြစ်၏။
၁၆ ရာစုနှစ်လောက်က နယူးစပိန်ဟု အမည်တွင်ခဲ့သောမက္ကဆီကိုနိုင်ငံ၌ လာရောက် နေထိုင်ကြသည့် စပိန် လူမျိုး
တို့သည် မြောက်ဘက်တွင် သိင်္ဂါရွှေပြည်အရပ်ရှိသည်ဟုစိတ်ကူးယဉ်ယဉ်နှင့်တွေးကာပြောဆိုခဲ့ ကြသည်။ ထိုသို့
ပြောဆိုကြသော သတင်းစကားကြောင့် ၁၅၄၂-၄၃ ခုနှစ်များတွင် ဟွမ်ရိုဒရီ ဂေကားဗရီးဟိုးဆိုသူ ပေါ်တူဂီလူမျိုး
တစ်ဦးသည် စပိန်သင်္ဘော တစ်စင်းဖြင့် ရွှေတွင်းများရှိရာအရပ်ကိုစူးစမ်းရှာဖွေရန်ခရီးထွက်ခဲ့ရာ ဆန်ဒီယေးဂိုး
ပင်လယ်အော်ထဲသို့ရောက်ရှိခဲ့လေသည်။
၁၅၇၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဖရစ်စစ် ဒရိတ်သည် ကာလီဖိုးနီးယားကမ်းခြေပေါ်သို့ ပထမဆုံး တက်
ရောက်ခဲ့သည်။ ထိုနောက်ပင်လယ်ခရီးတွင် စွန့်စားဝံ့သော အခြားပုဂ္ဂိုလ်များလည်း ကာလီဖိုးနီးယားကမ်း
ခြေသို့ ရောက်ခဲ့ကြ၏။ သို့သော် နောင်နှစ်ပေါင်း ၂ဝဝ ခန့်ကြာမှ ကာလီဖိုးနီးယားတွင် လူများ အတည်တကျ နေထိုင်
စပြုခဲ့လေသည်။ ရှေးဦးစွာ လာရောက်နေထိုင်သူများမှာမက္ကဆီကိုမှဖရန်စစ္စကန်ဘုန်းကြီးများ ဖြစ်သည်။ ထို
နောက် ၁၇၆၉ ခုနှစ်နှင့် ၁၇၇ဝ ပြည့်နှစ်များတွင် စပိန်အစိုးရသည် ကာလီဖိုးနီးယားပြည်နယ်ကိုသိမ်းပိုက်လိုက်
၏။ မွန်းထရေးမြို့သည် ကာလီဖိုးနီးယားပြည်နယ်၏ပထမဆုံး မြို့တော်ဖြစ်ခဲ့သည်။
စပိန်အစိုးရ လက်ထက်တွင် ကာလီဖိုးနီးယား ပြည်နယ်သည် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသည်။ စပိန်
တို့၏ လက်အောက်တွင် နှစ်ပေါင်း ၅ဝ ကျော်မျှကျရောက်ခဲ့၏။ ထိုခေတ်မှ ကြွင်းကျန်ခဲ့သော အရာများအနက်
ဖရန်စစ္စကန် သာသနာပြုအဖွဲ့များနှင့် ယင်းတို့ တည်ဆောက်ခဲ့သော ထူးခြားသည့် အဆောက်အအုံများမှာ စိတ်ဝင်စား
ဖွယ် ဖြစ်ပေသည်။ ၁၈၂၁ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံသည်စပိန်အစိုးရကို တော်လှန်ပုန်ကန်ခဲ့ပြီးနောက် လွတ်လပ်လာ
သောအခါ ကာလီဖိုးနီးယား ပြည်နယ်သည် မက္ကဆီကိုနိုင်ငံ၏ လက်အောက်ခံနယ် ဖြစ်လာလေသည်။
နှစ်ပေါင်းအစိတ်ခန့် မက္ကဆီကိုနိုင်ငံ လက်အောက်တွင်ရှိခဲ့ပြီးနောက် မက္ကဆီကိုစစ်ပွဲအပြီး ၁၈၄၈ ခုနှစ်တွင် ချုပ်
ဆိုခဲ့သော စာချုပ်အရ အမေရိကန်အစိုးရသည် ကာလီဖိုးနီးယား ပြည်နယ်ကို သိမ်းပိုက်လိုက်လေသည်။ ထိုနှစ်
အတွင်း၌ပင် ရွှေကို စတင်တွေ့ရှိလေရာ အမေရိကန်တို့သည် ကာလီဖိုးနီးယား ပြည်နယ်ထဲသို့ တသဲသဲ ဝင်
ရောက်လာကြသည်။ ယင်းသို့ ရွေ့ရှားလာသူများကြောင့်စည်ကားလာ၍ ၁၈၅ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်
ထောင်ဟုအတွင်းသို့ ပြည်နယ်တစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။
ထိုအခါ ကာလီဖိုးနီးယား ပြည်နယ်သည် အဖက်ဖက်မှတိုးတက်လာ၏။ ဆည်မြောင်းများ ဖောက်ခြင်းဖြင့်
ကန္တာရ အရပ်ဒေသများကို စိုက်ပျိုးလုပ်ကိုင်နိုင်အောင်ပြုပြင်ခဲ့လေသည်။ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းမှ
စတင်၍ ကာလီဖိုးနီးယားပြည်နယ်ရှိ ဆီယက်ရာ နီဗားဒတောင်တန်းကိုဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာ ကမ်းအရောက်
မီးရထားလမ်း ဖောက်လုပ်ခဲ့၏။ ၁၉ဝ၆ ခုနှစ်တွင် ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့သော ဆန်ဖရန်စစ္စကို မြို့
ကိုလည်း ၃ နှစ်အတွင်း ပြန်လည်တည်ဆောက်ခဲ့လေသည်။
ကာလီဖိုးနီးယားပြည်နယ်သည် မြောက်ဖက်တွင် ဩရိဂန်ပြည်နယ်၊ အရှေ့ဖက်တွင် နီဗားဒနှင့် အယ်ရီဇိုးနား
ပြည်နယ်၊ တောင်ဖက်တွင် မက္ကဆီကိုနိုင်ငံတွင်းရှိ အောက်ပိုင်း ကာလီဖိုးနီးယားနယ်၊ အနောက်ဖက်တွင် ပစိဖိတ်
သမုဒ္ဒရာတို့ဖြင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ် တည်ရှိလေသည်။ ထိုပြည်နယ်သည် အမေရိကန် ပြည်ထောင်စု
ဝင် ပြည်နယ်များတွင် ဒုတိယ အကျယ်ဝန်းဆုံး ဖြစ်သည်။ စတုရန်းမိုင် ၁၅၈၆၃၉ ကျယ်ဝန်း၍၊ လူဦးရေမှာ
၁၉၅ဝ ပြည့်နှစ် သန်ကောင်စာရင်းအရ ၁ဝ၅၈၆၂၂၃ မျှဖြစ်သည်။ ကာလီဖိုးနီးယား ပြည်နယ်၏ ရာသီဥတုမှာ
ကမ္ဘာပေါ်တွင် အသာယာဆုံးဖြစ်သည်ဟု ဆိုလေသည်။
ကာလီဖိုးနီးယား ပြည်နယ်တွင် ဆန်စပါး၊ ဂျုံ၊ မုယော၊ဝါဂွမ်း၊ သကြားမုန်လာ စသည့် ကောက်ပဲသီးနှံများအပြင်
သစ်သီးဝလံများလည်း စိုက်ပျိုးသည်။ သစ်သီးများအတွက် နာမည်ထင်ရှားသော ပြည်နယ်ဖြစ်သည်။ စိုက်
ပျိုးရေး လုပ်ငန်းအပြင် သစ်သီး၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို စည်သွတ်သော လုပ်ငန်းနှင့် ရေနံချက်
လုပ်ငန်း၊ သစ်လုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်း စသည်တို့မှာ အခြားထင်ရှားသော လုပ်ငန်းများဖြစ်သည်။ ကာလီဖိုးနီးယား
ပြည်နယ်သည် သဘာဝအလျောက် သာယာသောရှုမျှော်ခင်းတို့ဖြင့် ပြည့်စုံသည့်ပြည်နယ်ဖြစ်ပေသည်။ ထို
ပြည်နယ်တွင် သေမင်းချိုင့်ဝှမ်းဟုခေါ်သော ဆန်းကြယ်သည့် ချိုင့်ဝှမ်းတစ်ခုရှိသည်။ ထိုချိုင့်ဝှမ်းသည် ပင်လယ်
ပြင်အောက် ပေ ၂၈ဝ မျှ နိမ့်လေသည်။ ကြီးမားလှသော သစ်ပင်ကြီးများ ပေါက်ရောက်၍ ထင်ရှားသည့်
ဆီယက်ရာ နီဗားဒ တောင်တန်းတွင် ရှိသော ဝှစ်တနီစတောင် ထိပ်သည် အလာစက ပြည်နယ်ရှိ တောင်ထိပ်
တစ်ခုကို ချပ်လှပ်လျှင် အမေရိကန်ပြည်ထောင်စုတွင် အမြင့်ဆုံးဖြစ်၍ ပေပေါင်း ၁၄၄၉၅ ပေမျှ မြင့်သည်။
နီဗားဒတောင်တန်းနှင့် ကို့စရိန့်တောင်တန်း နှစ်ခုကြားတွင် ကာလီဖိုးနီးယားချိုင့်ဝှမ်းကြီး ရှိလေသည်။ အ
နောက်ဘက်ရှိ ဝီလဆန်တောင်ပေါ်၌ အမေရိကန်ပြည်ထောင်စုတွင် အရေးပါဆုံး နက္ခတ်မျှော်စင်ကြီးတစ်ခု ရှိ၏။
ကာလီဖိုးနီးယား ပြည်နယ်၏ မြို့တော်မှာ ဆက္ကရာမင်တိုမြို့ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ပစိဖိတ်
သမုဒ္ဒရာကမ်းရှိ ဆန်ဖရန်စစ္စကိုမြို့နှင့် လော့စိန်းဂျလီးမြို့တို့ဖြစ်သည်။ လော့စိန်းဂျလီးမြို့ အနီးတွင် ဟောလီးဝုရုပ်
ရှင်မြို့ကြီး တည်ရှိလေသည်။ မက္ကဆီကိုနိုင်ငံဘက်ကျသောဆန်ဒီယေးဂိုးမြို့နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော် ကမ်း
နဖူးတွင်ရှိသော အုတ်ကလန်မြို့တို့မှာလည်း အတန်ထင်ရှားသောမြို့များ ဖြစ်ကြပေသည်။