ကာမမြို့။ ။ကာမမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းသရက်ခရိုင်တွင် မြို့နယ်ရုံးစိုက်ရာ ဖြစ်သည်။ သရက်မြို့
တောင်ဘက် ၂၃ မိုင်အကွာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းအတွင်းပိုင်းကျကျတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ်
အဝန်းမှာစတုရန်းမိုင် ၅၇၅ခန့်ရှိ၍ ၁၉၅၃ခုနှစ်တွင်ကျေးရွာပေါင်း ၁၅၇ ရွာ၊ သူကြီးပိုင် ၅၂ ပိုင်ပါဝင်သည်။ မြို့နယ်
တွင် အိမ်ခြေပေါင်း ၉၄၅၉ ခန့်နှင့် လူဦးရေ ၄၄၅၂၈ ရှိသည်။ မြို့ပေါ်တွင်မူ အိမ်ခြေ ၉ဝ၆၊ လူဦးရေ ၃၅၂၃ ရှိသည်။
ကာမမြို့ကို ကံမမြို့ဟု ရှေးကခေါ်တွင်ခဲ့သည် ဟုဆိုသည်။ကံမ သို့မဟုတ် ကမ္မဟု ခေါ်တွင်ခြင်းမှာသက္ကရာဇ် ၅၂၈ခု
နှစ်လောက်တွင် အလောင်းစည်သူမင်းသည် ဖေါင်တော်ဖြင့် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာရာ၊ မြို့နေရာအနီးတွင်
ဖေါင်တော် ရပ်တန့်နေသဖြင့် အကြောင်းကိုစုံစမ်း၍ဖေါင်တော်အောက်တည့်တည့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဖေါ်ယူ
ပင့်တင်ပြီးလျှင် ဌပနာကာစေတီတည်သည်။ ထိုစေတီကိုဘုရားပေါ်ဘုရားဟု ဘွဲ့ချီ၍ မြို့အမည်ကိုလည်း ကံထောက်
မ၍ ဘုရားရုပ်ပွားတော်ကို ဖူးတွေ့ရခြင်းကြောင်း ကံမမြို့ဟုသမုတ်ခေါ်တွင်စေသည်ဟု ဆိုလေသည်။ ထိုစေတီမှာ
ယခုအခါဘုရားပေါ်ဟုတွင်သည်။ ဘုရားဆယ်ယူရန်ရွှေဖျင်ကို ယူဆောင်ဆက်သသော အရပ်ကို ရွှေဖျင်
ဆောင်ရွာဟု သမုတ်ရာ ယခုအခါ သပျင်ဆောင်ရွာဟုအမည်တွင်လျက်ရှိသည်။
ကာမမြို့ကို သက္ကရာဇ် ၄၅ဝ ပြည့်နှစ်မတိုင်မီက မေခဝတီမြို့ဟုခေါ်တွင်၍ မေခဝတီမြို့စား ဦးဆောင်းသည် ရွှေမြင်
မိ(ယခုရွှေမြင်တင်) ဆုတောင်းပြည့်စေတီကိုတည်ထားခဲ့သည်ဟုလည်းအဆိုရှိသည်။ ထိုစေတီအနီးရှိ ပေ ၄ဝ
ကျော်မြင့်သော ခြင်္သေ့ရုပ် ၂ ခုမှာလည်း ဦးဆောင်း၏ကောင်းမှုဖြစ်သည်ဟုဆိုသည်။
ကာမမြို့မှာ အရောင်းအဝယ် စည်ကားသော မြို့ကလေးဖြစ်သည်။ ကာမမြို့နယ်တွင် ဆေးများစိုက်ပျိုး၍ ဆေးပြင်း
လိပ်များကို အကြီးအကျယ်ထုတ်လုပ်သည်။ ဂျွမ်းထောင်ကာမဆေးမှာ မြန်မာနိုင်ငံလုံးထင်ရှားသော ဆေးမျိုး
ကောင်းတစ်ရပ်ဖြစ်သည်။ ဆေးအပြင် ကြက်သွန်၊ ငရုပ်၊အထည်အလိပ်၊ ဝါး၊ ဖျာများ ထွက်ရှိသေးသည်။
ကာမမြို့နယ်မှ ထွက်သော ကျွန်းသစ်မှာ မြန်မာနိုင်ငံမှ ပြည်ပသို့ပို့ထုတ်သော ကျွန်းသစ်များ၏ ၁၅ ပုံ ၁ ပုံခန့်ရှိသည်။
ကာမမြို့နယ်တွင် ထင်ရှားသော အဆောက်အအုံများမှာမဒေးဝရပ်ကွက်ရှိ မေခဝတီမြို့စားတည် ရွှေမြင်မိဘုရား
မြင်ဒင်ကုန်းရှိ အလောင်းစည်သူမင်းကြီးတည် ရွှေမြင်တင်ဘုရား၊ ကန်ဦးကုန်းရှိ ဘုရားဘော်ဘုရား၊ နတ်မီးကုန်းရှိ
ဖေါင်တော်ဦးဘုရား၊ မုဋ္ဌောကုန်းရှိ ရွှေမုဋ္ဌောဘုရား စသည်တို့ဖြစ်သည်။