ကာဖီ

ကာဖီ
ယခုအခါမြန်မာနိုင်ငံနှင့် တကွ ကမ္ဘာအနှံ့အပြားတွင် ကာဖီကို သောက်သုံးကြသည်မှာ မျက်မြင်
ကိုယ်တွေ့ပင်ဖြစ်၏။ ဤမျှ လူကြိုက်များလာသော ကာဖီအကြောင်းကို သိအပ်လှပေသည်။
၁၇ ရာစုနှစ် မတိုင်မီကဥရောပတိုက်ရှိ လူများသည် ကာဖီကို သောက်ရမှန်း မသိခဲ့ကြသေးချေ။
သို့ရာတွင် ထိုစဉ်က အက်ဗီဆီးနီးယားနိုင်ငံနှင့် အာရေဗျကျွန်းဆွယ် တို၌ကာဖီကို မြိန်ရှက်စွာဖြင့်
သောက်သုံးလျက် ရှိနေကြပေပြီ။ မည်သည့်အချိန်ကစတင်သောက်ခဲ့ကြသည်ကိုကား အတိအကျမပြော
နိုင်ချေ။

ကာဖီကို စတင်တွေ့ရှိပုံအကြောင်းနှင့် စပ်လျဉ်း၍သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ ပုံ ပြင်
တစ်ခုက ဤသို့ဆို၏။ ၃ရာစုနှစ် အကုန်လောက်တွင် အာရေဗျ မှ ခရစ်ယန်ဘုန်းကြီး တစ်စု သည်
နှိပ်စက်ညှင်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယားနိုင်ငံရှိ တောတောင် ထူထပ်
ရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ တစ်ခါ သော်ထိုဘုန်းကြီးများ မွေးမြူထားသည့် သိုးနှင့်ဆိတ်တို့သည်
ညအိပ်ချိန်ရောက်သော်လည်း အိပ်ရမှန်းမသိဘဲ လရောင်အောက်တွင် မြူးတူးခုန်ပေါက်၍ သွားလာနေကြသည်ကို
တအံ့တသြ တွေ့မြင်ကြရ၏။ ညဆက်ပင် ထိုသို့ဖြစ်နေကြသည့်အတွက် ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင် သိုးနှင့်
ဆိတ်တို့ စားသောက်လေ့ရှိသော အပင်များကို လိုက်လံစစ်ဆေး၍ စားသုံးကြည့်ရာမှ အပင်ကလေးတစ်မျိုး၏
အရွက်နှင့် အသီးတို့ကြောင့် ဖြစ်ရကြောင်းကို တွေ့ရှိရ၏။ထိုအပင်ကား ကာဖီပင်ဖြစ်၍ အဆိုပါကာဖီရွက်နှင့် ကာဖီ
သီးများကို စားကြည့်မိသော ဘုန်းကြီးမှာ စိတ်ရွှင်မြူးပြီးလျှင်အိပ်၍မပျော်နိုင်အောင် ဖြစ်ခဲ့သည်ဟု ဆိုလေသည်။

ထိုသမိုင်းပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်ကောင်းဖြစ်ပေမည်။သို့ရာတွင်၁၅ ရာစုနှစ်လောက်က မက္ကာမြို့သို့ ဘုရား
ဖူးသွားကြသော မွတ်စလင်တို့သည် မိမိတို့ဘာသာအလျောက် ညဖက် တရားအားထုတ်ချိန်များ၌ အိပ်ငိုက်
ပြေစေရန် ကာဖီစေ့ကိုလှော်၍အမှုန့်ကြိတ်ပြီးလျှင် ရေဖြင့်ဖျော်ကာ သောက်သုံးလေ့ ရှိ ခဲ့ ကြောင်း အ
ထောက်အထားများရှိသည်။ နောင်သော် ကာဖီသောက်ခြင်းအလေ့သည်တစ်စတစ်စပျံ့နှံ့လာပြီးလျှင်
တရုတ်နိုင်ငံ၌ လက်ဖက်ရည်ကိုကြိုက် နှစ်သက်သကဲ့သို့ပင် အာရေဗျ ကျွန်းဆွယ်၌လည်း ကာဖီကို အထူးနှစ်
သက် လာကြလေသည်။၁၇ ရာစုနှစ်သို့ ရောက်သောအခါ ဥရောပတိုက်သို့လည်း ကာဖီသောက်ခြင်း
အလေ့ကူးစက်လာ၍ ကာဖီဆိုင်များသည် နေရာ အနှံ့အပြားမှာပင် ပေါ် ပေါက်လာကြသည်။ အင်္ဂလန်
ပြည်တွင် ကာဖီဆိုင်များကို၁၆၅၂ ခုနှစ်မှစ၍ တည်ထောင်ခဲ့ကြ၏။ ထိုခေတ်
လောက်တွင်ကာဖီဆိုင်များ မည်မျှ ခေတ်စားသနည်းဟူမူကာဖီဆိုင်များသည် ကဗျာဆရာ၊ စာရေးဆရာနှင့် နိုင်ငံ
ရေးသမားတို့ မကြာခဏ တွေ့ဆုံရာဌာနများ ဖြစ်လာကြရုံမျှမက နိုင်ငံခြားမှနောက်ဆုံးသတင်းထူးများကိုလည်း
ထိုကာဖီဆိုင်များမှပင် ကြားကြရလေသည်။ ထိုကြောင့်ပြည်ပိုင်ဘုရင်များပင် ထိုခေတ်ကာဖီဆိုင်များ၏ အပြု
အမူကို မျက်ခြည်မပြတ်ထောက်လှမ်းစုံစမ်းခဲ့ ကြရလေသည်။

၁၇ ရာစုနှစ် အကုန်လောက်တိုင်အောင် ဥရောပတိုက်ရှိလူများသည်အနံ့အရသာနှင့် ပြည့်စုံသော မိုးကားခေါ်
အာရေဗျ ကာဖီကိုသာလျှင်သောက်သုံးခဲ့ကြလေသည်။မိုးကားဟု တွင်ရခြင်းမှာ မိုးကားမြို့မှ လာသောကြောင့်ဖြစ်၏။
ထိုနောက်ကာဖီကို ဂျားဗါးကျွန်းနှင့်သီ ဟိုဠ်ကျွန်းများတွင် စတင်စိုက်ပျိုးလာကြ၍ ထိုမှတစ်ဆင့် အပူပိုင်း
ဒေသများ သို့လည်း တစ်စတစ်စ ပြန့်ပွားသွားလေသည်။ယခုအခါ ကမ္ဘာတွင် ကာဖီအများဆုံး စိုက်ပျိုးလျက်ရှိသည့်
ဒေသကား တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံ ဖြစ်၏။

ကာဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ
၂ဝဝဝကြားရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာဖြစ်ထွန်းလေ့ရှိသည်။ ကာဖီပင်သည်
အမြဲစိမ်းအပင်ကလေးမျိုးဖြစ်၍ အလိုအလျောက်ပစ်ထားလျှင်ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုး
ထားသော ခြံများတွင်အသီးများကို လွယ်လင့်တကူဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကိုချိုင်ပေးလေ့ရှိကြ
သည်။ ကာဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများအစုလိုက်
ပွင့်တတ်ကြသည်။ ကာဖီပင်များသည် ၃ နှစ်သားအရွယ်ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင်သီးအား
ပြည့်စုံလာသည်။ တစ်ပင်လျှင်အနှစ် ၂ဝမျှကြာအောင်သီးပွင့်လေ့ရှိသည်။ အသီးများသည် ပထမ၌အစိမ်းရောင်
ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကာဖီပင်
သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်းမှာပင်အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်
များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။

ကာဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှအဝတ်ခံကာ အပင်ကို လှုပ်ပေး၍ဖြစ်စေ
သိမ်းယူရသည်။ ထိုနောက်နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများပြုလုပ်ကြသည်။ သို့
သော် အသီးမှည့်တွင် အစေ့အပြင်ဖက်၌ အသားဖတ်ရှိနေရုံမက အစေ့ပေါ်တွင်လည်း အမြှေးခွံများ ၂ထပ်မျှ
ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာမလွယ်ကူလှပေ။ အစေ့များမှ အမြှေးစင်သွားအောင် လုပ်
ရာတွင် အစေ့များကို တစ်နည်းနည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့်လှိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ
ပြုလုပ်ရသည်။ နောက်ဆုံး၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲပြီးလျှင် အိတ်ကြီးများတွင်
ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြသည်။

အနံ့အရသာနှင့် ပြည့်စုံသည့် ကာဖီကို သောက်သုံးနိုင်ရန်အတွက် ကာဖီစေ့အစိမ်းများကို ညိုဝါရောင်ရအောင်
လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက်ပြုလုပ်ရန်လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်
မလာဘဲနေတတ်သည်။ ရှေးကကာဖီစေ့များကိုအိမ်မှာပင် လှော်ယူကြသော်လည်း ယခုအခါ၌မူ ဤအလုပ်ကို
ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ကာဖီစေ့များကို လှော်ပြီးသောအခါ အမှုန့်ကြိတ်ရပြန်၏။
ကာဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌အရသာကောင်းမကောင်းကို စမ်းသပ်ရန်အတွက် ကျွမ်း
ကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှါးရမ်းထားကြရသည်။ကာဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက်နိုင်လျှင်
အကောင်းဆုံးဖြစ်သည်ကို တွေ့ရသည်။

ကာဖီတွင် ကက်ဖီအင်းခေါ် ဓာတ်တစ်မျိုးပါဝင်သည်။ထုဓါတ်များလက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်း
နှင့်အတူတူပင် ဖြစ်သော်လည်း သီးအင်းဓါတ်ထက်ပို၍ပြင်းသည်။ ကာဖီကိုစွဲခြင်းမှာ ထိုဓါတ်ကြောင့်ပင်ဖြစ်၏။
ကာဖီကိုအားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓါတ်ကို လိုသလောက် လျော့ချထားနိုင်
သည်။အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ်၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချ
သောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သောကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ်
သစ်စေ့များနှင့် တမင်္ဂလာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်းရှိသေးသည်။

ကာဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ သို့သော် အာရေဗျန်နှင့် လိုက်ဗီးရီးယန်း ကာဖီပင်နှစ်မျိုးကိုသာ အများအပြား
စိုက်ပျိုးလေ့ ရှိကြပေသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက်အိန္ဒိယကျွန်းစုတို့မှလွဲ၍ ကာဖီကို
အကြီးအကျယ်စိုက်ပျိုးသောဒေသများမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အာ
ဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗါးကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာ
အတွင်းရှိ ကျွန်းများ ဖြစ်ကြသည်။

ကာဖီကို ဖျော်သောက်ရာတွင် ရေဆူဆူဖြင့် ကောင်းစွာနှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကိုသူ့ချည်းသက်
သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ကြက်ဥအကာနှင့်ဖြစ်စေ၊ ဖျော်သောက်သူများလည်း
ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်းခေါ်လေ့ရှိကြရာ ထိုစကားမှာ ကာဖီ သို့မဟုတ်
ကာဖီဆိုင်ဟုအဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *