ကလောမြို့

ကလောမြို့
သာစည်မြို့အရှေ့ဘက်တောင်စဉ်တောင်တန်းများရှိ လှိုင်းတက်၊ ယင်းမာပင်၊ ဘုရားသုံးဆူ
စသော ရွာများကိုကျော်လွန်၍ ဝက်ဖြူတောင်သို့ တရွေ့ရွေ့တက်လာလျှင်၊ သစ်တောများမှာ သစ်ယာ၊ အင်ကြင်း၊
ပိတောက်၊ ကညင်၊ တောင်သရက်၊ တောင်ပိန္နဲစသော သစ်တောများ မဟုတ်တော့ဘဲ လေထဲတွင် တရှဲရှဲမြည်လေ့ရှိ
သော ထင်းရှူးတောကြီးများသို့ ရောက်လာပြီးနောက်၊တောင်ထိပ်အလွန် မြေပြန့်ကွက်ကျယ်တစ်ခုတွင် ကျောင်း
ကန်ဘုရားစေတီများ၊ တိုက်တာအိမ်ယားများဖြင့် သာယာလှပသော ကလောမြို့ကို တွေ့ရပေမည်။

ကလောမြို့သည် ရှမ်းပြည်တောင်ပိုင်း သာစည်လမ်းခွဲအရှေ့ဘက် မီးရထားလမ်းပေါ်တွင် သာစည်မြို့မှ ၆၃ မိုင်
အကွာ၌တည်ရှိသည်။ မော်တော်ကားလမ်းအတိုင်းဆိုလျှင် မိုင် ၆ဝ ကွာဝေးသည်။ မြို့၏ အကျယ်အဝန်းမှာ
စတုရန်း ၉ မိုင်ခွဲခန့်ရှိ၍ လူဦးရေ ၅ဝဝဝ ခန့် (၁၉၅၃) ရှိသည်။ ကလောမြို့သည် ပင်လယ်ပြင်မှ အမြင့်ပေ ၄၃၀၀
ခန့်တွင်တည်ရှိသည်။ တပေါင်း တန်ခူးလများတွင် အမြင့်ဆုံးအပူချိန်မှာ ၇၄ ဒီဂရီခန့်ရှိ၏။ ပြာသို၊ တပို့တွဲလများ
တွင် အပူချိန် ၅၄ ဒီဂရီ မျှသာရှိ၍ အလွန်အေးသည်။

မြို့၏ပုံသဏ္ဍာန်မှာ ပတ်လည်တွင် တောင်များဝန်းရံ၍ဇလုံနှင့် တူသောကြောင့် ပလောင်ဘာသာဖြင့် ကလောက်
(ဇလုံ)မြို့ဟု ခေါ်တွင်ရာမှ ကလောမြို့ဟု တွင်လာကြောင်း သိရသည်။ ရှေးကပလောင် အမျိုးသားများ
တည်စိုက်ခဲ့သောဒေသ ဖြစ်သည်။

ကလောမြို့မှာ ရှမ်းပြည်တောင်ပိုင်း၏တောင်စခန်းမြို့ဖြစ်၍ ရှေးအခါက ဥရောပတိုက်သားများနှင့် သူဌေး
သူကြွယ်တို့နွေအခါ သွားရောက်နေထိုင်ရာဖြစ်လျက်၊ တည်းခိုစားသောက်ရန် ဟိုတယ်ကြီးတစ်ခုနှင့် ရေကူးကန်၊ ဂေါက်
သီးကစားကွင်းတို့ရှိသည်။ ပတ်ဝန်းကျင်ရှိတောင်ကုန်းတောင်တန်းများမှာ ထင်းရှူးပင်၊ ချယ်ရီပင်၊ပိုးစာပင်နှင့်
သစ်တော့သီး၊ ပန်းသီး၊ ဆီးသီးစသော သီးမျိုးစုံ အပင်များဖြင့် ဖုံးလွှမ်း လျက်ရှိသည်။ ကလောမြို့ အရှေ့ဘက်စွန်းတွင်
တောင်လားချောင်း ဖြတ်သန်းစီးဆင်းရာအနီး၌ ဘူတာရုံတည်ရှိသည်။

ကလောမြို့သည် တောင်စခန်းမြို့ ဖြစ်သည့်အတိုင်း နွေအခါတွင် အရပ်ရပ်မှ ဧည့်သည်များ လာရောက်လည်ပတ်
လေ့ရှိသည်။ အင်္ဂလိပ် အထက်တန်းကျောင်း၊ မြန်မာစာသင်ကျောင်းများရှိသည်။ ဘမ်းပရွာအနီးရှိဥမင် တစ်ခုတွင်ရှိသော
ရွှေဥမင်ဘုရားမှာ ထင်ပေါ်ကျော်ကြား၍ နှစ်စဉ်ဘုရားပွဲကျင်းပတိုင်း အရပ်ရပ်မှ ဘုရားဖူးများ အထူးစည်
ကားစွာ လာရောက်ကြသည်။

မြို့ပတ်ဝန်းကျင်တွင် ဆန်စပါးအနည်းငယ်သာ စိုက်ပျိုး၍ ဂျုံနှင့်အာလူးကို အများအပြား စိုက်ပျိုးကြသည်။ ကျွဲနွားမြင်းများကိုလည်း အသင့်အတင့် မွေးမြူကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *