ကလေးမြို့ ။ ။ကလေးမြို့သည် အထက်ချင်းတွင်းခရိုင် ချင်းတောင်တောင်ခြေ၏ အရှေ့ဘက် မြစ်သာမြစ်
နှင့် ၂မိုင်ခန့်ကွာဝေးသော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတု
ရန်း မိုင်၈၉၂ ခန့်ရှိ၍ ကလေးမြို့၏ အကျယ်အဝန်းမှာစတုရန်း ၂၄ ဖါလုံ ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင် စာ
ရင်းအရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ၅၆၇ ခန့်ရှိသည်။ ကလေးမြို့သည် ရှေး မြန်မာမင်းတို့လက်
ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည့်အလျောက် မြို့ရိုးဟောင်း၊ ကျုံးဟောင်းအစရှိသော ယိုယွင်း
နေသည့် ရှေးဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင်
နိုင်သေးသည်။
ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင်၊ အထက်တန်းကျောင်းတစ်ကျောင်းနှင့် ခေတ်မှီသော လေယာဉ်ပျံ
ကွင်း လည်းရှိသဖြင့်၊အထက်မြန်မာပြည်တွင် တိုးတက် စည်ကားလာသော မြို့ကလေးတစ်မြို့ဖြစ်ပေသည်။ မြို့ပေါ်ရှိ
လူဦးရေ၏ ၅ ပုံ ၃ ပုံမှာ တောင်သူ လယ်လုပ်များဖြစ်၍၊မြို့နယ်ရှိ လူထုမှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်
မွေးမြူကြသူများ ဖြစ်ကြသည်။
ကလေးမြို့နှင့် မိုင် ၂ဝ ခန့်အကွာတွင် ကျောက်မီးသွေးတွင်းတစ်ခုကိုတွေ့ရှိရသဖြင့်၊ နိုင်ငံတော်အစိုးရသည် စတင်
တူးဖေါ် လုပ်ကိုင် လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက်၊ ကလေးမြို့ အနီးတစ်ဝိုက်ကျေးရွာများသို့ ချင်း
တောင်ဒေသမှ ချင်းလူမျိုးများသည်လည်းကောင်း အိန္ဒိယ-မြန်မာနယ်စပ်မှ လူရှေ (ခေါ်) လူးဆိုင် ချင်းလူမျိုးများ
သည်လည်းကောင်း ၊ အိမ်ထောင်စုအလိုက် တစ်သုတ်ပြီးတစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်
လျက်ရှိကြ၏။
ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသောမြို့တစ်မြို့ဖြစ်သော်လည်း၊ ယခုအခါ မြို့ပတ်ဝန်းကျင်ကို
သုတ်သင်ပြုပြင်ထားပြီးဖြစ်ရကား ငှက်ဖျားရောဂါ မရှိသလောက် နည်းပါးသွားပြီဟု ဆိုရပေမည်။ကလေးမြို့တွင်
သီရိဓမ္မာ သောကမင်းကြီး တည်ထားခဲ့သည်ဆိုသောရွှေဘုံသာ စေတီတော် ရှိလေသည်။